ပစ္စည်းချင်းတူလျှင် ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူလျှင် အရည်အသွေးပိုကောင်းရမည်ဟူသည့်ဆောင်ပုဒ်နှင့်အတူ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဆက်လက်ကျင်းပလျက်ရှိသည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် လာရောက်ပြသရောင်းချလျက်ရှိသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များနှင့် လာရောက်လေ့လာကြသည့် ပရိသတ်များ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည် -
ဦးစိုးဝင်းမောင် (UMFCCI ပြခန်း)
မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း
ဒီပြပွဲမှာ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ပြခန်းမှာ အသင်းတွေအားလုံး စုပေါင်းပြီးတော့ လာရောက်ပြသတာဖြစ်ပါတယ်။ ကျွန်တော့်အသင်းအနေနဲ့ ပြည်ပကိုတင်ပို့နေတဲ့ ပဲ၊ နှမ်းစတဲ့ သီးနှံနမူနာတွေနဲ့ အသင်းရဲ့လှုပ်ရှားမှုတွေ၊ တောင်သူတွေ စိုက်ပျိုးတဲ့အဆင့်ကနေ နိုင်ငံခြားကို တင်ပို့တဲ့အထိ လုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ အသင်းက လွှင့်တင်ထားတဲ့ ဝက်ဘ်ဆိုက်နဲ့ Application မှာ လွှင့်တင်ထားတဲ့ ပြည်တွင်း/ ပြည်ပက နေ့စဉ်ကုန်ဈေးနှုန်းဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း အများပြည်သူသိရှိအောင် ပြသတာဖြစ်ပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးလုပ်ငန်းမှာ လုပ်ငန်းအကြီးအကျယ်တွေအစား လုပ်ငန်းငယ်လေးတွေနဲ့ စကြရတာများပါတယ်။ MSME လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း ပဲ၊ ပြောင်း၊ နှမ်းမှာဆိုရင် ပဲခွဲစက်လုပ်ငန်း၊ ပဲအခွံချွတ်လုပ်ငန်း၊ အမှုန့်ကြိတ်လုပ်ငန်းတွေ ရှိတယ်။ နှမ်း၊ မြေပဲ၊ ပန်းနှမ်း၊ ပဲပုပ်စတဲ့ ဆီထုတ်လုပ်ရေးလုပ်ငန်းတွေက ကျွန်တော်တို့နဲ့ ဆက်နွှယ်နေတယ်။ ရန်ကုန်တိုင်း မှာဆိုရင်လည်း ပဲတီစိမ်းကို ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) ထုတ်ကုန်အဖြစ် ထုတ်လုပ်နေတာရှိတယ်။ ကျန်တဲ့နေရာတွေမှာလည်း ဒေသတစ်ခု ထုတ်ကုန်တစ်ခုအနေနဲ့ လုပ်နေတဲ့သီးနှံတွေလည်းရှိပါတယ်။ ပဲအများစုကို တရုတ်နဲ့ အိန္ဒိယကို ပို့တာများတယ်။ ပဲတီစိမ်းဆိုရင်တော့ ပဲပင်ပေါက်အသုံးပြုတဲ့ ဥရောပနိုင်ငံတွေအထိ တင်ပို့နိုင်တာကတော့ ကျွန်တော်တို့နိုင်ငံအတွက် ဂုဏ်ယူစရာလည်းဖြစ်တယ်။ အဲဒီလိုမျိုး ပဲတီစိမ်းနဲ့ပတ်သက်ပြီး စိုက်ပျိုးချိန်ကနေ တင်ပို့ချိန်အထိ လိုအပ်တဲ့ ထောက်ခံချက်တွေ၊ အစားအစာ ဘေးကင်းလုံခြုံမှုတွေအထိ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ပြသထားပါတယ်။ လုပ်ငန်းရှင်တစ်ဦးဟာ လုပ်ငန်းနဲ့ ဆက်စပ်ပြီးတော့ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေအများကြီးရှိတယ်။ အဲဒါတွေကိုလည်း အခုပြပွဲမှာ တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ တစ်ထိုင်တည်း ပြုလုပ်လို့ရတဲ့အစီအစဉ်တွေ ပါလာတာတွေ့ရတော့ လုပ်ငန်းပိုပြီး တွင်ကျယ်လာတယ်လို့ မြင်တယ်။ ကျွန်တော်တို့ ပဲ၊ ပြောင်း၊ နှမ်းကဏ္ဍအနေနဲ့ တစ်ပြည်လုံး စိုက်ပျိုးတဲ့သီးနှံလည်းဖြစ်တယ်။ ပဲ၊ ပြောင်း၊ နှမ်း တိုးတက်ရင် လယ်ယာကဏ္ဍတစ်ခုလုံး တိုးတက်တယ်လို့ ပြောလို့ရတယ်။ နိုင်ငံတကာမှာလည်း ယှဉ်ပြိုင်ပြီးတော့ ရောင်းချနေရတာဖြစ်တဲ့အတွက် ထုတ်တဲ့အရည်အသွေးလည်း ကောင်းရမယ်၊ ဘေးကင်းလုံခြုံမှုလည်းရှိရမယ်၊ လိုအပ်တဲ့ ထောက်ခံချက်တွေကအစ ဂရုစိုက်ပြီး ဆောင်ရွက်နိုင်မယ်ဆိုတဲ့ တောင်သူရော၊ နိုင်ငံရော၊ စားသုံးသူအတွက်ရော ဦးတည်ပြီးတော့ သွားကြဖို့ တိုက်တွန်း လိုပါတယ်။
ဦးရဲဟိန်းကျော် (တွဲဖက်အတွင်းရေးမှူး)
မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းပြခန်း
ကျွန်တော်တို့ပြခန်းမှာ ကုမ္ပဏီ လေးခုစုပေါင်းပြီးတော့ ဘဲလေးတံဆိပ်ဆီလုပ်ငန်း၊ Lotus နဲ့ Meizen ဆီလုပ်ငန်း ရယ်၊ စံချိန်တံဆိပ် မြေပဲဆီရယ်၊ MGMD ကုမ္ပဏီရဲ့ ရွှေတောင်တံဆိပ် မြေပဲဆီ၊ ပဲပိစပ်ဆီ၊ ဖွဲ့နုဆီစီမံကိန်းနဲ့ GGPG ရဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ဖွင့်လှစ်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး မြေပဲဆီနဲ့ နေကြာဆီ (Reginary) အဆင့်မြင့်ဆီစက်လုပ်ငန်းကို လာရောက်မိတ်ဆက် ပြသတာဖြစ်ပါတယ်။ SME ပြခန်းတွေနဲ့ ထုတ်ကုန်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ပြပွဲကျင်းပခြင်းအားဖြင့် အားလုံးဝိုင်းဝန်းပြသလိုက်တဲ့အခါ ထုတ်ကုန်ပစ္စည်းတစ်ခုနဲ့ တစ်ခုရဲ့ အားသာချက်၊ အားနည်းချက်တွေကို ချိန်ထိုးပြီး တစ်ဦးနဲ့တစ်ဦး အနီးကပ်လေ့လာခွင့်ရသွားတဲ့အတွက် အကျိုးရှိတယ်။ SME ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် လုပ်ငန်းရှင်တွေကို လုပ်ငန်းလုပ်ကိုင်ဖို့အတွက် လွယ်လွယ်ကူကူဖြစ်အောင် ပံ့ပိုးပေးတယ်ဆိုရင် အဆင်ပြေတယ်။ ကုန်ပစ္စည်းထုတ်လုပ်ဖို့ ကုန်ကြမ်းတွေ၊ ဆက်စပ်ပစ္စည်းတွေ အလွယ်တကူဝယ်ယူရရှိရေး ဆောင်ရွက်ပေးနိုင်တယ်ဆိုရင် တော်တော်လေးအဆင်ပြေပါတယ်။ နောက်ထပ်ပြောချင်တာကတော့ ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ပြပွဲလိုမျိုး တစ်နှစ်ထက် တစ်နှစ်ပိုပြီး ဆန်းသစ်တဲ့ထုတ်ကုန်တွေ ပေါ်ထွက်လာအောင်၊ နိုင်ငံတကာနဲ့ယှဉ်နိုင်တဲ့ ကုန်ပစ္စည်းတွေထုတ်လုပ်နိုင်အောင် တိုင်းနဲ့ပြည်နယ်အလိုက် နှစ်စဉ်နှစ်တိုင်း ကျင်းပခြင်းအားဖြင့် ဒီထက်ပိုပြီး အောင်မြင်လာမှာပါ။ အခုပြခန်းမှာလာပြီး လေ့လာတဲ့သူတွေအတွက်လည်း ကံစမ်းမဲအစီအစဉ်တွေရှိတယ်။ လက်ဆောင်လေးတွေပေးတယ်။ ဒါကြောင့် လာရောက်လေ့လာအားပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။
ကိုဘိုဘိုဟိန်း
(GS1 Myanmar Barcode အသင်း)
ကျွန်တော်တို့လုပ်ငန်းကို ၂၀၁၉ မှာ စတင်ခဲ့ပါတယ်။ ၂၀၁၉ ထဲမှာပဲ GS1ရဲ့ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ GS1 ဆိုတာ ဘယ်လ်ဂျီယံနိုင်ငံမှာ တည်ရှိတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာစံအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် GS1 မြန်မာလို့ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ပေးတဲ့အရာကတော့ ထုတ်ကုန်တွေရဲ့ ဘားကုတ်တွေ ကို အဓိကဝန်ဆောင်မှုပေးတယ်။ ဘားကုတ်နဲ့ပတ်သက်တဲ့ အသိပညာတွေ ဖြန့်ဝေပေးတယ်။ MSME နဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေမှာ ဘားကုတ်တွေထည့်သွင်းဖို့ အသိပညာတွေလည်း ဖြန့်ဝေပေးပါတယ်။ ကျွန်တော်တို့ အများဆုံးဝန်ဆောင်မှုပေးနေရတဲ့လုပ်ငန်းတွေကတော့ စားသောက်ကုန်လုပ်ငန်းတွေ ဖြစ်ပါတယ်။ နောက်ထပ် အထည်ချုပ်၊ ပြည်တွင်းထုတ်ကုန်မှန်သမျှကို ဝန်ဆောင်မှုပေးနေပါတယ်။ ဘားကုတ်သုံးစွဲခြင်းရဲ့ အဓိကအားသာချက်ကတော့ ပြည်တွင်းဈေးကွက်မှာပဲဖြစ်ဖြစ်၊ ပြည်ပဈေးကွက်ကို တင်ပို့ရောင်းချတာပဲဖြစ်ဖြစ် ဘားကုတ်တွေပါပြီဆိုရင် လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် တင်ပို့ရောင်းချနိုင်မှာဖြစ်ပါတယ်။ ဘားကုတ်တွေက အများကြီးရှိပေမယ့် မြန်မာနိုင်ငံ ဘားကုတ်အသင်းက ထုတ်ပေးတဲ့ ဘားကုတ်တွေကို အသုံးပြုပေးဖို့ ပြောလိုပါတယ်။ မြန်မာနိုင်ငံမှာ တရားဝင် ဘားကုတ်ထုတ်ပေးတဲ့အသင်းအနေနဲ့ ကျွန်တော်တို့ရဲ့ GS1 Myanmar တစ်ခုတည်းပဲရှိပါတယ်။ နိုင်ငံတော်အနေနဲ့ အခုလိုပွဲတွေလုပ်ပေးတဲ့အတွက် တစ်နေရာတည်းမှာပဲ One Stop Service လုပ်ပေးနိုင်ပါတယ်။ ဒီပွဲမှာဆိုရင် ဘားကုတ်လိုအပ်ချက်ရှိတဲ့ လုပ်ငန်းရှင်တွေကို ဝန်ဆောင်မှုတွေအများကြီးလုပ်ပေးခဲ့ပါတယ်။ တချို့ဆိုလာပြီးလျှောက်ထားကြပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာဆိုရင် အသိပညာပေးတာတွေ အမြဲပြုလုပ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဘားကုတ်တွေကို အသုံးပြုခြင်းအတွက် မိမိထုတ်ကုန်တွေကို ဈေးကွက်ခိုင်မာပြီး ပြည်သူတွေ ယုံယုံကြည်ကြည် ဝယ်ယူသုံးစွဲနိုင်ခြင်းကြောင့် လုပ်ငန်းရှင်တွေအနေနဲ့လည်း ဈေးကွက်ကို ပိုမိုတင်ပို့ရောင်းချနိုင်ပြီး ဈေးကွက်ကိုလည်း ပိုမိုချဲ့ထွင်နိုင်မယ်လို့ ပြောလိုပါတယ်။
ဦးသောင်းမြင့်ထွန်း
(ပဲခူးတိုင်းဒေသကြီး)
ခင်ခင်နှင်းယိုမျိုးစုံထုတ်လုပ်ရေးလုပ်ငန်း
ကျွန်တော်တို့ ယိုမျိုးစုံလုပ်ငန်းကတော့ ပြည်မြို့နယ်မှာ အခြေစိုက်ပြီး မိဘတွေလက်ထက်ကတည်းက လုပ်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော် သက်တမ်းရှိတဲ့ လုပ်ငန်းတစ်ခုပါ။ မျိုးရိုးစဉ်ဆက် သမားရိုးကျလုပ်လာတဲ့ အသေးစားလုပ်ငန်းလေးကို ဒုတိယမျိုးဆက်ဖြစ်တဲ့ ကျွန်တော်တို့လက်ထက်မှာတော့ နိုင်ငံတော်အကြီးအကဲတွေရဲ့ အားပေးမြှင့်တင်မှုတွေနဲ့အတူ သမဝါယမအသင်းတွေ၊ စီးပွား/ကူးသန်းတို့လို ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ အခုဆိုရင် ကျွန်တော်တို့လုပ်ငန်းလေးဟာ ဒေသတွင်းအဆင့်ကနေ အခုပြည်ထောင်စုအဆင့်ပြပွဲတွေအထိ လာရောက်ပြသရောင်းချနိုင်ခဲ့ပါပြီ။ ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းကူညီမှုတွေနဲ့အတူ လုပ်ငန်းတိုးတက်မှုအနေနဲ့ ထုပ်ပိုးမှုပုံစံတွေကို နည်းစနစ်ကျကျနဲ့ စိတ်ဝင်စားစရာဖြစ်အောင် ပြင်ဆင်ထုပ်ပိုးတယ်။ ဒီပြပွဲမှာ အထူးသဖြင့် ချဉ်ပေါင်သီးလို စိုက်ပျိုးစရိတ်လည်းမလိုဘူး၊ မြေနေရာနဲ့ လုပ်အားလေး စိုက်လိုက်ပြီးတော့ ဒေသတွင်းမှာ ကုန်ကြမ်းပေါပေါများများ ရနိုင်တဲ့အရာကို ကုန်ကြမ်းအဆင့်ကနေ ယိုစုံအဖြစ် ထုတ်လုပ်ပြီးတော့ ပြည်မြို့ကို ရောက်ရင် ကတွတ်ယို၊ ချဉ်ပေါင်ယို၊ ကရေကရာအစရှိတဲ့ အိမ်ပြန်လက်ဆောင်တစ်ခုအနေနဲ့လည်း ဈေးကွက်မှာ အောင်အောင်မြင်မြင်နဲ့ နေရာရနေပါပြီ။ အခုပြိုင်ပွဲမှာလည်း ချဉ်ပေါင်ဖူးယိုနဲ့ ပြည်စပယ်ရှယ်ကတွတ်ယို တန်ဖိုးမြှင့်ထုတ်ကုန်အနေနဲ့ ပဲခူးတိုင်း ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ဖြစ်တယ်။ ဒီပြပွဲ ပြိုင်ပွဲမှာ အကျိုးရလဒ်အနေနဲ့ ကျွန်တော်တို့ရဲ့ ခင်ခင်နှင်းချဉ်ပေါင်ဖူးယိုနဲ့ ယုံမျိုးစုံကို ကုန်တိုက်ကြီးနှစ်ခုနဲ့ ချိတ်ဆက်ပြီး ရောင်းချနိုင်တော့မှာ ဖြစ်တဲ့အတွက် မြို့နယ်အဆင့်၊ တိုင်းအဆင့်ကနေ အခုဆို တစ်နိုင်ငံလုံးဖြန့်ဖြူးနိုင်ဖို့အထိ အခွင့်အလမ်းတွေပေါ်လာပြီး ပြည်တွင်းဈေးကွက်ချိတ်ဆက်မှုတွေ အားကောင်းလာပါတယ်။
ကျွန်တော့်အနေနဲ့ အခုလိုမျိုးပြပွဲပြိုင်ပွဲတွေ ကျင်းပပေးတဲ့ သက်ဆိုင်ရာဌာနတွေအားလုံးကို ကျေးဇူးတင်သလို နောက်လာမယ့်ပွဲတွေအတွက်လည်း ပူးပေါင်းဆောင်ရွက်ဖို့အဆင်သင့်ပါပဲ ခင်ဗျာ။
မထက်ဝေဝေထွန်း
ဒုတိယနှစ်(ဥပဒေ)ကျောင်းသူ
Naypyitaw State Academy
ကျွန်မကတော့ တစ်နိုင်ငံလုံးက ဒေသပေါင်းစုံကနေ လာရောက်ပြသတဲ့ MSME ဈေးရောင်းပွဲကို ကျောင်းပိတ်ရက်မှာ လာရောက်လေ့လာတာပါ။ နေရာပေါင်းစုံက ပြခန်းတွေအကုန်လုံးကတော့ စိတ်ဝင်စားစရာကောင်းသလို ကျွန်မကတော့ ဥပဒေကျောင်းသူတစ်ယောက်ဖြစ်တဲ့အတွက် ဥပဒေရေးရာပြခန်းကို အရင်ဆုံးသွားရောက်လေ့လာခဲ့ပါတယ်။ ပြခန်းတွေထဲက နောက်ထပ်စိတ်ဝင်စားတာက ဒေသထွက်ကုန်ပစ္စည်းတွေနဲ့ ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတွေကို ကြိုက်ပါတယ်။ အစားအသောက်ထုတ်ကုန်ပြခန်းတွေ၊ အဝတ်အထည်ပြခန်းတွေနဲ့ စာပေရေးရာပြခန်းတွေကို စိတ်ဝင်တစားလေ့လာဖြစ်ခဲ့ပါတယ်။
တွေ့ဆုံမေးမြန်း - ဇင်ဦး၊ ဟိန်းထက်ဇော်
ဓာတ်ပုံ - ဇော်ဘီ