Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၁၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံနှင့်အဖွဲ့အား နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဦးစွာ ဥက္ကဋ္ဌ ဒေါက်တာ ကောင်းမြတ်စံက ကမ္ဘာပေါ်တွင် E-Sports အားကစားအဖွဲ့ချုပ်ပေါင်း ၁၄၄ ခုရှိသည့်အနက် မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ကို ဒုတိယအကောင်းဆုံး အားကစားအဖွဲ့ချုပ်အဖြစ် သတ်မှတ်ခြင်းခံရမှု၊ ပြိုင်ပွဲများများ ကျင်းပပေးနိုင်ပါက စိတ်ပါဝင်စားသူ ပိုမိုများပြားလာပြီး လူငယ်များ ကျယ်ကျယ်ပြန့်ပြန့်ကစားလာစေရန်အတွက် လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အများပြည်သူများအနေဖြင့် E-Sports အားကစားနည်းကို အားကစားနည်းတစ်ခုအဖြစ် မြင်လာအောင် စည်းမျဉ်း/ စည်းကမ်းများနှင့် Technical Hand Book များကို စနစ်တကျ ရေးဆွဲပြီး ဖြန့်ဝေပေးသွားရန်လိုကြောင်း၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် E-Sports အားကစားနည်းကို နိုင်ငံတကာမှ အသိအမှတ်ပြုလက်ခံထားသည့် အားကစားပြိုင်ပွဲတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်လာစေရန် ဟောပြောပွဲများတွင် အသိပညာပေးဟောပြောနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိအောင် ဆက်လက်၍ အားထည့်ပြီး ကြိုးစားပေးသွားရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်