နေပြည်တော် ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက Online သတင်းစာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း သိရှိရပြီး အကြမ်းဖက်သမားများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို မလိုလားဘဲ ငြိမ်းချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအား ငွေကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းနှင့် အနိုင်ကျင့်ခြိမ်းခြောက်မှုများအား ဥပဒေမဲ့လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ရပ်ကွက်၊ ကျေးရွာများရှိ လူနေအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက ယခုကဲ့သို့ အခြေအမြစ်မရှိသည့် ဓာတ်ပုံများကို အသုံးပြု၍ ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။