Skip to main content

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တုံးဗျောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (တုံးဗျောကြီး) မှ ကျောင်းသားများ လိုက်ပါလာသည့် မော်တော်ယာဉ်အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ကျောင်းသားများ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဖေဖော်ဝါရီ ၁၂

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည် သူများနေထိုင်ရာ မြို့၊ ကျေးရွာများ၊ စာသင်ကျောင်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများကို နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း စသည်ဖြင့်အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက် ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် မြိတ်မြို့ တုံးဗျောကြီး ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (တုံးဗျောကြီး) မှ မူလတန်းပြဆရာတစ်ဦးနှင့် ကျောင်းသားခြောက်ဦးတို့သည် စာမေးပွဲများဖြေဆိုရန်အတွက် လိုအပ်သည့် စာသင်ခုံများသယ်ယူရန် တောင်ဖီလာကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (တောင်ဖီလာ) သို့ မော်တော်ယာဉ်တစ်စီးဖြင့်ထွက်ခွာလာစဉ် တုံးဗျောကြီးကျေးရွာ၏ သုံးမိုင်ခန့်အကွာ တောင်ပုကျေးရွာအနီးသို့အရောက်၌ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ကျောင်းသားများအနက် မောင်ထက်ရဲကိုနှင့် မောင်ထက်ရဲလင်း တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်၍ လုံခြုံရေးလုပ်ငန်း များဆောင်ရွက်ခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသားနှစ်ဦးအား မြိတ်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိပြီး မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်