နေပြည်တော် ဖေဖော်ဝါရီ ၁၁
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ (၁၃)ကြိမ်မြောက် တိုးတက်မှုအစီရင်ခံစာနှင့် ပတ်သက်သည့် အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင် အစည်းအဝေးတက်ရောက်ပြီး ရလဒ်ကောင်းတစ်ခုအနေဖြင့် မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေသည့် အစီအမံ (Action Plan)အချက်များအနက် တိုးမြှင့်ရရှိခဲ့သည့်အချက်များ၊ ကျန်ရှိနေသည့်အချက်များနှင့် FATF ၏ မျက်နှာစုံညီအစည်းအဝေးတွင် ဆွေးနွေးမည့်အချက်များကို ကြိုတင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ဝင်များက FATF ၏ Recommendation အရ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သွားမည့်အချက်များ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများမှ Financial Investigation များကိုပါ Parallel ဆောင်ရွက်ခြင်းဖြင့် Proceed of Crime များကို ပိုမိုပူးပေါင်းဖော်ထုတ်သွားမည့် လုပ်ငန်းစဉ်များ၊ ဌာနအလိုက် ရယူလိုသည့် နည်းပညာအကူ အညီများနှင့် ယခုလအတွင်းပြုလုပ်မည့် FATF ၏ မျက်နှာစုံညီအစည်းအဝေးတွင် ဆွေးနွေးပြောကြားမည့်အချက်များကို ကြိုတင်ညှိနှိုင်းဆွေးနွေးကြသည်။
အစည်းအဝေးသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်