ရန်ကုန် ဖေဖော်ဝါရီ ၁၁
(၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပထမအကြိမ် MMC စာအုပ်စာပေနှင့် ပန်းချီအရောင်းပြပွဲကို ရန်ကုန်မြို့ မိုးကောင်းလမ်းမကြီးပေါ်ရှိ မြဝတီမီဒီယာစင်တာ(MMC)၌ ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ပြပွဲ သုံးရက်တာမှာ နေ့စဉ် နံနက် ၉ နာရီကနေ ညနေ ၅ နာရီ အထိ ရောင်းချပေးသွားမယ်။ အခုက ပထမဆုံးအကြိမ်ကျင်းပတာပါ။ နောက်ထပ် ဒုတိယအကြိမ်၊ တတိယအကြိမ် စသဖြင့်ပြပွဲတွေ ဆက်လက်ကျင်းပနိုင်ဖို့ ကြိုးစားသွားမယ်။ ဒီပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်လည်း ရှိတာကြောင့် အကောင်အထည်ဖော်ဆောင်ရွက်တာပါ။ ပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် update လုပ်နေတာတွေ့ရတယ်။ ဒါကိုကျွန်တော်တို့အနေနဲ့ အထောက်အကူပြုတဲ့အနေနဲ့ တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်တာဖြစ်ပါတယ်” ဟု မြဝတီမီဒီယာစင်တာစာနယ်ဇင်းဌာန၏ အထွေထွေမန်နေဂျာ ဦးမြင့်နိုင်က ပြောကြားသည်။
သုံးရက်တာအတွင်း နိုင်ငံကျော် စာရေးဆရာကြီးများ၏ စာအုပ်စာပေများနှင့် ပန်းချီပညာ ရှင်ကြီးများ၏ ပန်းချီလက်ရာမွန်များကို ခင်းကျင်းပြသရောင်းချ ပေးသွားမည်ဖြစ်သည့်အပြင် ပန်းချီကားပေါင်း ၁၀၀ ကျော်၊ စာအုပ်ဆိုင်ပေါင်း ၁၀ ဆိုင်ကျော်မှ စာအုပ်ရေပေါင်း သုံးသောင်းခွဲကျော်ကိုပါ ဈေးနှုန်းချိုသာစွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြဝတီမီဒီယာစင်တာ စာနယ်ဇင်းဌာနမှ သိရသည်။
စာအုပ်စာပေအရောင်းပြပွဲတွင် မိုးကျော်၊ စောဦး၊ မြဝတ်ချို၊ တံခွန်တိုင်၊ ရဲတံခွန်၊ နွယ်ပိုးအိမ်၊ အောင်ကျော်၊ အလင်းတန်းစာပေဖြန့်ချိရေးတို့နှင့် မြဝတီစာပေ တိုက်တို့ အပါအဝင် စာအုပ်ဆိုင်ပေါင်း ၁၀ ဆိုင်ကျော်မှ ဘာသာပြန်အတ္ထုပ္ပတ္တိ၊ ဝတ္ထု၊ ဆောင်းပါး၊ ပညာရေး၊ ကျန်းမာရေး၊ အောင်မြင်ရေး၊ တိုင်းရင်းဆေး၊ ရှားပါးစာပေ များအပါအဝင် စာပေအမျိုးအစား စုံလင်စွာဖြင့် စာအုပ်ပေါင်း သုံးသောင်းခွဲကျော် ခင်းကျင်းပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီပွဲမှာ ကျွန်တော်က Acrylic အမျိုးအစား ပန်းချီကား ရှစ်ကားပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီမြဝတီစင်တာက ခန်းမ၊ ကားပါကင်အနေအထားက ကျယ်ဝန်းတယ်၊ ဝန်ဆောင်မှုကောင်းတယ်။ ပန်းချီပြပွဲလုပ်လို့ ကောင်းတယ်။ ဒါကြောင့် တခြားပန်းချီဆရာတွေနဲ့ပူးပေါင်းပြီး ပြပွဲကျင်းပသွားဖို့ အစီအစဉ်ရှိပါတယ်။ ပန်းချီကားတွေကနေ ပန်းချီရသကို အပြည့်အဝခံစားနိုင်မှာဖြစ်တဲ့အတွက် လာရောက်လေ့လာစေချင်ပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်အနေအထားနဲ့ ဝန်ဆောင်မှုကောင်းတွေကို မြင်တွေ့ခံစားနိုင်မှာဖြစ်တဲ့အတွက် အရောက်လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ပန်းချီကားများပါဝင်ပြသသည့် ပန်းချီဆရာသက်နိုင်ဝင်းက ပြောပြသည်။
ထို့ပြင် ပြပွဲလာရောက်ကြည့်ရှုသူများအတွက် အစားအသောက် ဆိုင်များ၊ ပစ္စည်းအရောင်းဆိုင် များကိုပါ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်သည့်အပြင် ပြပွဲကာလအတွင်း Caricature ရုပ်ပြောင် ပန်းချီဆရာဆရာ အောင်ကျော်က ပုံတူရုပ်ပြောင်ပန်းချီများကို ရေးဆွဲပေးသည့် အစီအစဉ်နှင့် စာရေးဆရာများနှင့် စာဖတ်သူပရိသတ်များ တွေ့ဆုံမည့် အစီအစဉ်တို့ကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ကျော်ကြီး
ဓာတ်ပုံ-မောင်သီ