Skip to main content

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပထမအကြိမ် MMC စာအုပ်စာပေနှင့် ပန်းချီအရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၁

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပထမအကြိမ် MMC စာအုပ်စာပေနှင့် ပန်းချီအရောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ(MMC)၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားမှူးက (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပထမအကြိမ် MMC စာအုပ်စာပေနှင့် ပန်းချီအရောင်းပြပွဲ ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာပန်းချီစိုးမိုး၊ မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးသစ်လွင်၊ ဦးကိုကို(စက်မှုတက္ကသိုလ်)၊ ကျော်ကျော်သန်း(မဟာဝိဇ္ဇာ)နှင့် တေးသံရှင် ဦးသန်းမြတ်စိုးတို့က ပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

ယင်းနောက် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများသည် မိုးကျော်စာပေ ဖြန့်ချိရေး၊ စောဦးစာပေဖြန့်ချိရေး၊ မြဝတ်ချိုစာပေဖြန့်ချိရေး၊ တံခွန် တိုင်စာပေဖြန့်ချိရေး၊ ရဲတံခွန် စာပေဖြန့်ချိရေး၊ နွယ်ပိုးအိမ်စာပေဖြန့်ချိရေး၊ အောင်ကျော် စာပေဖြန့်ချိရေး၊ အလင်းတန်း စာပေဖြန့်ချိရေးတို့နှင့် မြဝတီစာပေတိုက်တို့ အပါအဝင် စာအုပ်ဆိုင်ပေါင်း ၁၀ ဆိုင်ကျော်မှ ဘာသာပြန်အတ္ထုပ္ပတ္တိ၊ ဝတ္ထု၊ ဆောင်းပါး၊ ပညာရေး၊ ကျန်းမာရေး၊ အောင်မြင်ရေး၊ တိုင်းရင်းဆေး၊ ရှားပါးစာပေများအပါအဝင် စာအုပ်ပေါင်း သုံးသောင်းခွဲကျော် ခင်းကျင်းပြသရောင်းချနေမှုကို လည်းကောင်း၊ ပန်းချီဆရာ ဆရာအောင်သျှံဝိုင်း၊ မောင်တည်တံ့၊ သက်နိုင်ဝင်း၊ သရုပ်ဆောင် ယဉ်လတ် အပါအဝင် ပန်းချီဆရာလေးဦး၏ ပန်းချီကားအနုပညာ လက်ရာပေါင်း ၁၀၀ ကျော်ခင်းကျင်း ပြသနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြသည်။ပြပွဲကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲရက်များအတွင်း ပြည်သူများအနေဖြင့် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လာရောက်လေ့လာ ဝယ်ယူနိုင်ကြောင်း သိရသည်။

ပြပွဲ ကျင်းပရာ မြဝတီမီဒီယာ စင်တာတွင် 4K အရည်အသွေးဖြင့် 3D ပြသနိုင်သည့် လူ ၂ဝဝ ဆံ့ ရုပ်ရှင်ရုံ၊ ကြီးမားသော LED Projector ပါဝင်သည့် လူ ၃ဝဝ ဆံ့ ကဇာတ်ရုံ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ သီချင်းဆိုပြိုင်ပွဲများ၊ Game Show များ၊ Model Show ပြိုင်ပွဲများ ပြုလုပ်နိုင်ပြီးစတိတ်စင်၏ နောက်ခံဒီဇိုင်းများကို လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်သည့် TV Studio နှစ်ခန်း၊ Talk Show Studio၊ Radio Studio၊ Mini Studio၊ Sound Studio၊ News Studio၊ Music Studio အခန်းများ၊ စာကြည့်တိုက်နှင့် သင်တန်းခန်းမများ၊ စီးပွားရေးဆိုင်ရာရုံးခန်းများ၊ လုံခြုံစိတ်ချသည့် ကားအစီးရေ ၂၀၀ ဆံ့ ကားပါကင်နှင့် အစားအသောက်များ စီစဉ်ဆောင်ရွက်ပေးနိုင်သည့် ဝန်ဆောင်မှုများကိုပါ ရရှိနိုင်သည့်အတွက် မီဒီယာနှင့် သက်ဆိုင်သည့်ပြပွဲ၊ ပြိုင်ပွဲများကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ကျင်းပနိုင်ကြောင်း မြဝတီမီဒီယာစင်တာမှ သိရသည်။

သတင်း-ကျော်ကြီး

ဓာတ်ပုံ-မောင်သီ