နေပြည်တော် ဖေဖော်ဝါရီ ၁၁
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဒုတိယနေ့အဖြစ် ဆက်လက် ပြသရောင်းချလျက်ရှိရာ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ လာရောက်လေ့လာကြပြီး အထူးစည်ကားလျက်ရှိသည်။
ထို့ပြင် ပြပွဲသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၊ တစ်နိုင်တစ်ပိုင် MSME လုပ်ငန်းများ စတင်လုပ်ဆောင်ကြမည့် လုပ်ငန်းရှင်များသည်လည်း စိတ်ဝင်စားစွာဖြင့် လာရောက်လေ့လာကြသည်ကို တွေ့ရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ထုတ်ကုန်ပြခန်းအလိုက် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ ဒေသ၏ အထင်ကရနေရာများ၊ ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ ဒေသအလိုက် ရိုးရာအစားအစာများနှင့် MSME ထုတ်ကုန်များကို အများပြည်သူ စိတ်ဝင်တစား လေ့လာကြည့်ရှုနိုင်ရန် ခင်းကျင်းပြသရောင်းချလျက်ရှိသည့်အတွက် လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိပြီး ပြခန်းလာရောက်လေ့လာကြသူများကို ပြခန်းအလိုက် တာဝန်ရှိသူများက သတင်းအချက်အလက်နှင့် နည်းပညာများ၊ ပြည်တွင်း/ပြည်ပ ဈေးကွက်များသို့ ထိုးဖောက်နိုင်ရန် စံအရည်အသွေးသတ်မှတ်ချက်များနှင့် ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေခံပြီး စွန့်ဦးတီထွင် လုပ်ငန်းဆိုင်ရာ အမြင်သစ်များကို အသိပညာပေး ဆွေးနွေးမျှဝေပေးလျက်ရှိရာ လုပ်ငန်းရှင်များအပြင် သိရှိလိုသမျှ လေ့လာမေးမြန်းကြသည့် ပြည်သူများဖြင့်လည်း စည်ကားခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တိုင်းရင်းသား ရိုးရာအစားအစာ အရောင်းပြခန်းများ၌ ဒေသထွက်အစားအသောက်များ၊ တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ဒေသထွက်ကုန် ပစ္စည်းများနှင့် တိုင်းရင်းသားရိုးရာ ဝတ်စုံများကို ပြည်သူများ စိတ်ကြိုက်ဝယ်ယူစားသုံးနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည့်အတွက် လာရောက်ဝယ်ယူကြသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
အလားတူ ကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်း၊ စက်မှုဝန်ကြီးဌာန၊ မြန်မာစီးပွားရေးကော်ပိုရေး ရှင်း(MEC)နှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က စားသောက် ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို အထူးဈေးနှုန်းဖြင့် ချိုသာစွာရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ညပိုင်းတွင် ပြပွဲလာကြသူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေး အစီအစဉ်များကို ထည့်သွင်းကျင်းပလျက်ရှိပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မျိုးချစ်စိတ်နှင့် ဇာတိမာန်တက်ကြွစေမည့် တေးသီချင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုကပြ ဖျော်ဖြေကြရာ ပြည်သူအများအပြား ပါဝင်ဆင်နွှဲလျက်ရှိကြောင်းနှင့် ယနေ့တွင် ရပ်နီး/ရပ်ဝေးမှ လာရောက်လည်ပတ်လေ့လာကြသူများ၊ ဒေသအလိုက်ထွက်ကုန်များနှင့် ရိုးရာအစားအစာများအား နှစ်သက် စွာဝယ်ယူသုံးဆောင်၍ လာရောက်အပန်းဖြေကြသူများ၊ စီးပွားရေးနှင့်နည်းပညာဆိုင်ရာ လုပ်ငန်းချိတ်ဆက်မှုများတွင် စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြသည့် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။ လာရောက် လည်ပတ်ကြသူများအနေဖြင့် လူဦးရေ ၅၅၅၀ ကျော်၊ မော်တော်ယာဉ် အစီးရေ ၇၀၀ ခန့်နှင့် မော်တော်ဆိုင်ကယ်အစီးရေ ၄၀၀ ခန့်အထိရှိကြောင်း သတင်းရရှိသည်။
အောင်မင်းဂျိုင်း
ဓာတ်ပုံ - ဖိုးပြည့်စုံ