ဒေါက်တာသက်လွင်ဦး (ညွှန်ကြားရေးမှူး)
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပလျက်ရှိရာ လာရောက် ပြသရောင်းချလျက်ရှိသည့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည် -
ဒေါက်တာသက်လွင်ဦး
(ညွှန်ကြားရေးမှူး)
လုပ်ငန်း/စီးပွား ချိတ်ဆက်မှုပြခန်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကျွန်တော်တို့ ပြခန်းကတော့ ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးကလာပြီး ပါဝင်ပြသတဲ့ MSME လုပ်ငန်းရှင်တွေ ဈေးကွက်ရရှိဖို့၊ ပြည်ပကိုကုန်ပစ္စည်းတွေ တင်ပို့နိုင်ဖို့၊ ရင်းနှီးမတည်ငွေတွေ ချိတ်ဆက်ရရှိနိုင်ဖို့နဲ့ အစိုးရဝန်ကြီးဌာနတွေနဲ့ ဆက်စပ်ဆောင်ရွက်နေရတဲ့ လုပ်ငန်းတွေကို One Stop Service ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။ ပထမဆုံးပြည်တွင်းဈေးကွက် ချိတ်ဆက်မှု အပိုင်းမှာ လက်လီလက်ကား လုပ်ငန်းရှင်တွေ City Mart ၊ Asia Light ၊ ဂမုန်းပွင့်စသဖြင့် ကုန်တိုက်ပေါင်း ၁၂ ခုနဲ့ချိတ်ဆက်ပြီးတော့ လုပ်ငန်းရှင်တွေ ထုတ်လုပ်တဲ့ ပစ္စည်းတွေကိုတင်ပြီးတော့ ရောင်းချင်တယ်ဆိုရင် သူတို့ပစ္စည်းတွေကို လာပြီးတော့ ချိတ်ဆက် ဆောင်ရွက်နိုင်ပါတယ်။ ပြည်ပဈေးကွက် ချိတ်ဆက်မှုမှာတော့ တင်ပို့ရောင်းချလိုတဲ့ နိုင်ငံတွေပေါ် မူတည်ပြီး အဲဒီမှာရှိနေတဲ့ စီးပွားရေးသံမှူးတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ လုပ်ငန်းရှင်တွေက သူတို့ရဲ့ထုတ်ကုန်တွေရဲ့ ဈေးကွက်အခြေအနေတွေ တင်ပို့မယ်ဆိုရင် ဘာတွေလိုအပ်မလဲဆိုတာတွေကို အကြံပြုတယ်၊ ဈေးကွက်ရရှိဖို့အတွက် ကူညီဆောင်ရွက်ပေးတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ တတိယ အပိုင်းကတော့ ရင်းနှီးမတည်ငွေ ချိတ်ဆက်မှု လုပ်ငန်းမှာတော့ အားလုံးပေါင်း ဘဏ်ရှစ်ခုနဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ MSME လုပ်ငန်းတွေက ထုတ်ကုန်အရည်အသွေး တိုးမြှင့်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေအတွက် ဘဏ်ချေးငွေရရှိဖို့ တစ်ခါတည်း ချိတ်ဆက်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ အစိုးရဌာနဆိုင်ရာတွေအနေနဲ့ မူပိုင်ခွင့်ဦးစီးဌာနကနေ မူပိုင်ခွင့်လျှောက်ထားရမယ့် လုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ကုမ္ပဏီမှတ်ပုံတင်မယ့် ကိစ္စတွေ၊ စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးထုတ်ကုန်တွေအတွက် လိုအပ်တဲ့ ထောက်ခံချက်တွေ၊ စံချိန်စံညွှန်း သတ်မှတ်ချက်တွေ ရရှိဖို့လုပ်ငန်းစဉ်တွေနဲ့ MSME လုပ်ငန်းအများစုက စားသောက် ကုန်ထုတ်လုပ်ငန်းတွေဖြစ်တဲ့အတွက် အဲဒီထုတ်ကုန်တွေကို ပြည်တွင်း၊ ပြည်ပဈေးကွက်မှာ တင်ပို့မယ်ဆိုရင်လိုအပ်တဲ့ ထောက်ခံချက်တွေ ရရှိဖို့အတွက်နဲ့ လျှောက်ထားပြီး ကြန့်ကြာနေ တာတွေကိုလည်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာနတွေကနေ တစ်ပြိုင်တည်း ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။ နောက်ထပ်ကုန်သွယ်ရေးဦးစီးဌာနကနေလည်း သွင်းကုန်၊ ထုတ်ကုန် မှတ်ပုံတင်ဆောင်ရွက်တာတွေ၊ မူရင်းဒေသထောက်ခံချက်(Country of Origin) မှတ်ပုံတင်တာနဲ့ အွန်လိုင်းဈေးရောင်းဝယ်မှုတွေကို မှတ်ပုံတင်တာတွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်။ ဒီပြပွဲကာလမှာ တစ်နိုင်ငံလုံးက MSME တွေ အတွက် ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းရုံသာမက ပြည်ပဈေးကွက်အထိ သွားနိုင်ဖို့အထိဒီမှာ One Stop Service နဲ့ လုပ်ပေးနေတာ ဖြစ်ပါတယ်။ ဒီပြပွဲကာလမှာ MSME လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းဆောင်ရွက်မှုတွေ ပိုမိုလွယ်ကူအောင် ချိတ်ဆက်ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို အမိအရယူပြီး ဆောင် ရွက်ကြပါလို့ ပြောကြားလိုပါတယ်။
ဦးစန်းကို(ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး)
ကျွန်တော်တို့ ကရင်ပြည်နယ် MSME ထုတ်ကုန်ပြခန်းမှာ ကရင်ဒေသထွက်ကုန်ပစ္စည်း အမျိုးအစား(၇၆)မျိုးကို စုစည်းပြီးတော့ ပြသထားပါတယ်။ အဓိကအနေနဲ့ကတော့ ဒေသအရင်းအမြစ် ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်တဲ့တန်ဖိုးမြှင့်ထုတ်ကုန် တွေဖြစ်တဲ့သစ်မွှေးနဲ့ သဘာဝမြေဩဇာ ထုတ်ကုန်တွေအပြင် ကရင်ပြည်နယ်ရဲ့ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP)အနေနဲ့ ဆောင်ရွက်နေတဲ့ ကြာအင်းဆိပ် ကြီးမြို့နယ်ကရော်ဘာ၊ ဘားအံမြို့နယ်က ဆန်စပါး၊ သံတောင်ကြီး မြို့နယ်က ကော်ဖီတွေကို ပြိုင်ပွဲမှာလည်း သုံးခုစလုံးဝင်ပြိုင်ထားပါတယ်။ ဒီလိုပြပွဲ၊ ပြိုင်ပွဲတွေ ကနေတစ်ဆင့် ဒေသအရင်းအမြစ်တွေကနေ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ လုပ်ငန်းရှင်တွေကို သိစေချင်တယ်၊ ဈေးကွက်ရရှိဖို့အတွက် စီးပွားရေးလုပ်ငန်း အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်တယ်။ ပြိုင်ပွဲမှာလည်းယှဉ်ပြိုင်တဲ့ ထုတ်ကုန်တွေရဲ့ အရည်အသွေးနဲ့ စံချိန်စံညွှန်းတွေ ကိုစံထားပြီးတော့ ပြိုင်တာဖြစ်တဲ့အတွက် ဆုရချင်းမရချင်းထက် အခြားသော နိုင်ငံဒေသအသီးသီးက လုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်တွေကိုလည်း လေ့လာပေါင်းစပ်ပြီး ကိုယ့်ပြည်နယ်မှာလည်း အခုထက် ပိုမိုကောင်းမွန်တဲ့ နည်းပညာမြင့်၊ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်သွားနိုင်ဖို့အတွက်လည်း ပညာယူနိုင်တယ်။
ဦးဇော်ဝင်းစိုး (Business Development Director)Super Seven Stars Green Energy ကုမ္ပဏီ
ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေဖြစ်တဲ့ တစ်ကီလိုဝပ်ကနေ ၅၀ ကီလိုဝပ် အိမ်သုံးအသေးစားဆိုလာလျှပ်စစ် မီးပေးစနစ်၊ ဆေးရုံတွေ၊ စက်မှုလုပ်ငန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အခြားသော စီးပွားရေးလုပ်ငန်းသုံး ၈၀ ကီလိုဝပ်အထက် ၉၀ ကီလိုဝပ်အလတ်စားဆိုလာ မီးပေးစနစ်နဲ့ တစ်မဂ္ဂါဝပ်ကနေ အထက် ၃၅ မဂ္ဂဝါဝပ်၊ ၆၀ မဂ္ဂါဝပ် အစရှိတဲ့ စက်ရုံကြီးတွေ၊ မြို့နယ်အလိုက် မဟာဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ အကြီးစားစက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားပေးစနစ် စတဲ့ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံး လုပ်ငန်းနယ်ပယ်သုံးရပ်အတွက် ထုတ်ကုန်ပစ္စည်းတွေကို ပါဝင်ပြသတာ ဖြစ်ပါတယ်။ အထူးအစီအစဉ် အနေနဲ့ကတော့ Battery Energy Storage System – BESS လို့ခေါ်တဲ့ နေရောင်ခြည်စွမ်းအင်ကို အလိုအလျောက်သိုလှောင်ထိန်းသိမ်းအသုံးပြုတဲ့ကိရိယာကို မိတ်ဆက်ပြသထားပါတယ်။ နိုင်ငံ တော်အနေနဲ့လည်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင် ဆောင်ရွက်နေတဲ့အတွက် ကျွန်တော်တို့အနေနဲ့လည်း ကျေးလက်ဒေသတွေ အတွက် အိမ်သုံးလျှပ်စစ်နဲ့ တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့၊ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းတွေ အသုံးပြုနိုင်ဖို့အတွက် ထုတ်ကုန်ပစ္စည်းတွေအနေနဲ့ ဆိုလာရေတင်စနစ်၊ အလို အလျောက် မီးငြှိမ်းသတ်စနစ်တွေအပြင် Portable Power Station ဝပ် ၈၀၀၊ ၁၂၀၀၊ ၂၀၀၀၊ ၂၂၀၀ အမျိုးအစားလေးမျိုး ပြသရောင်းချပေးနေပါတယ်။ သူနဲ့တွဲဆက် အသုံးပြုရမယ့် ဆိုလာဓာတ်အား ပေးစနစ်တွေလည်း ပါဝင်ပြသထားပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကိုးမျိုးရှိတဲ့အထဲမှာ နေရောင်ခြည်စွမ်းအင်ဟာ အကောင်းဆုံးဖြစ်ပါတယ်။ အဓိကကတော့ ကုန်ကျစရိတ်သက်သာတယ်၊ တည်ဆောက်ရတာ မြန်တယ်၊ ၂၄ နာရီစွမ်းအားပြည့်ရရှိဖို့စနစ်တကျ သိုလှောင်အသုံးပြုနိုင်တယ်၊ စီးပွားရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်မယ့်အပြင် အလုပ်အကိုင်အခွင့် အလမ်းတွေ ဖန်တီးပေးနိုင်ပါတယ်။ အခုအချိန်ဟာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ခေတ်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် Green Energy မှာ ရင်းနှီးမြှုပ်နှံ မှုတွေ ပိုမိုတိုးတက်လာတာနဲ့ အတူ ကာဗွန်လျှော့ချဖို့နဲ့ သစ်တောပြုန်းတီးမှုလျှော့ချနိုင်ဖို့၊ ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာသစ်တွေနဲ့အတူ လူနေမှုဘဝမြှင့်တင်ပေးဖို့နဲ့ နိုင်ငံတော်တည်ဆောက်ရေး၊ စီးပွားရေးနဲ့ နည်းပညာဖွံ့ဖြိုးရေးအတွက် အကျိုးရလဒ်ကောင်းတွေ အများကြီးရရှိနိုင်ပါတယ်။
ကိုဇော်မင်းခိုင်(မကွေးတိုင်းဒေသကြီးပြခန်း)Good & Right ဖန်ခါးဝိုင်ထုတ်လုပ်ရေးလုပ်ငန်း
မကွေးတိုင်းဒေသကြီးထွက် ဖန်ခါးဝိုင်ကို ပြည်တွင်းသာမက ပြည်ပအထိ ဈေးကွက်ထိုးဖောက်ဖို့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ပြီး အခုလို(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲမှာ လာရောက်ပြသ ရောင်းချပေးတာ ဖြစ်ပါတယ်။ ဖန်ခါးမြေဆိုတာ မကွေးလို့အားလုံးက အသိအမှတ်ပြုထား တာဖြစ်ကြသလို မကွေးရဲ့သင်္ကေတဖြစ်တဲ့ ဖန်ခါးသီးကို တန်ဖိုးမြှင့်ထုတ်ကုန်ဝိုင်အဖြစ် ထုတ်လုပ်ထားတာပါ။ ဖန်ခါးပင်ဟာ ဂေဟစနစ်ကို ထိန်းသိမ်းပေး တဲ့အပင်ဖြစ်သလို နှစ်ရှည်ပင်လည်း ဖြစ်ပါတယ်။ တစ်နှစ်ကို သုံးကြိမ်အထိ အသီးသီးတဲ့အတွက် သွင်းအားစုနည်းပြီး အကျိုးအမြတ်များစွာရရှိတဲ့ အပင်မျိုးလည်းဖြစ်ပါတယ်။ ဖန်ခါးပင်ကို ရှေးနှစ်ပေါင်းများစွာကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ သဘာဝပေါက်တဲ့အပင်တွေ ကနေရရှိတဲ့အသီးကို အခုအခါမှာ အဆင့်မြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်တဲ့အတွက် နိုင်ငံ့စီးပွားကို မြှင့်တင်ရာရောက်သလို ဒေသခံ တွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ များစွာပေးနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မြေပေါ်သယံဇာတ ရတနာဘဏ် တိုက်တစ်ခု ထပ်တွေ့သလိုပါပဲ။ ဖန်ခါးဝိုင်ကို ပြည်ပဈေးကွက် တင်ပို့နိုင်ဖို့လည်း ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက်ဓာတုပစ္စည်း လုံးဝအသုံးပြုထားခြင်းလည်း မရှိပါဘူး။ ဒီနှစ်မှာ ထူးခြားချက်တစ်ခုက လုပ်ငန်း/စီးပွားချိတ်ဆက်မှု ကော်မတီပြခန်းပါလာတာဖြစ်ပါတယ်။ အဲဒီပြခန်း ပါလာတဲ့အတွက် ကျွန်တော်တို့ ထုတ်ကုန်တွေကို ပြည်တွင်းသာမက ပြည်ပအထိ ချိတ်ဆက်တင်ပို့နိုင်တဲ့ အခွင့် အလမ်းတွေ ရရှိလာပါတယ်။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းသာ ထုတ်လုပ် သေးတဲ့ ဖန်ခါးဝိုင်ကို ဖော်ထုတ်ခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေနဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။
မသဲစုအောင် (ကယားပြည်နယ် ပြခန်း) ဆယ်လီနာ ကယားဝက်အူချောင်းလုပ်ငန်း
MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲမှာ ကယားပြည်နယ်ကိုယ်စားပြုနဲ့ ကယားရိုးရာ ဝက်အူချောင်းနဲ့ ကယားခေါင်ရေ ထုတ်ကုန်တွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ထားပါတယ်။ အဓိကကတော့ကျွန်မတို့ရဲ့ ရိုးရာအစားအစာတွေကို တန်ဖိုးမြှင့်ထုတ်ကုန်အနေနဲ့ ထုတ်လုပ်ပြီးတော့ ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်အထိ ထိုးဖောက်တင်ပို့နိုင်တဲ့အထိ အခွင့်အလမ်းတွေရှိတယ်ဆိုတာကို အားလုံးကို သိစေချင်ပါတယ်။ လက်ရှိမှာကယားဝက်အူချောင်းကို တစ်နိုင်ငံလုံးအနှံ့ တင်ပို့နေတဲ့အပြင် နိုင်ငံခြားကိုလည်း စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံအထိ ချိတ်ဆက် တင်ပို့နေပါတယ်။ ကယားဝက်အူချောင်းဆိုရင် ဓာတုပစ္စည်းတွေလုံးဝသုံးစရာမလိုဘဲနဲ့ ဒေသထွက် ကုန်ကြမ်းတွေကိုပဲ အသုံးပြုပြီးတော့ ထုတ်လုပ်လို့ရတယ်။ လက်ရှိမှာဒေသကလည်း ပြည်လည်ထူထောင်ရေး လုပ်နေ တဲ့အတွက် ပြန်ပြီးမွေးမြူရေး လုပ်တဲ့သူတွေလည်းရှိတော့ ကုန်ကြမ်းလည်း မရှားတော့ဘူး။ လိုအပ်သလောက်ရနေပါတယ်။ ဒီပြပွဲမှာ ကယားဝက်အူချောင်းကို ကယားပြည်နယ်ကအပြင် အခြားသောဒေသတွေနဲ့ ရှမ်းပြည်နယ် ဘက်ကနေလည်း ထုတ်လုပ်ပြီးတော့ ရောင်းချနေတာတွေ့ရ တဲ့အတွက် သူတို့ရဲ့ ထုတ်ပိုးပုံ နည်းစနစ်တွေက အတုယူစရာ တွေလည်း တွေ့ရတယ်။
တွေ့ဆုံမေးမြန်း - ဇင်ဦး၊
ဟိန်းထက်ဇော်
ဓာတ်ပုံ - ဇော်ဘီ