(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် MSME လုပ်ငန်းများကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပြခန်းပြသ၍ နည်းပညာ၊ အသိပညာများဆွေးနွေးဖြန့်ဝေပေးလျက်ရှိသည့် အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသိရှိနိုင်ရန် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တွေ့ဆုံ မေးမြန်းရေးသားတင်ပြလိုက်ရပါသည်-
မေး။ ။ MSME ပြပွဲမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ပြခန်းပါဝင်ပြသရာမှာ MSME လုပ်ငန်းတွေကို အထောက်အကူ ပြုနိုင်ဖို့ ဘယ်လိုစီမံပြသထားတယ်ဆိုတာ သိပါရစေ။
ဖြေ ။ ။ ကျွန်တော်တို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်းမှာ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဇီဝနည်းပညာ သုတေသနဦးစီးဌာနနဲ့ အဏုမြူစွမ်းအင်ဦးစီးဌာနစတဲ့ ဌာနသုံးခုပေါင်းစပ်ပြီး ပြကွက်ပေါင်း ၁၂ ကွက်ကို “ထုတ်ကုန်အရည်အသွေး မြှင့်တင်ဖို့ စံချိန်စံညွှန်းနဲ့အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြပါစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ စီစဉ်ပြသလျက်ရှိပါတယ်။
ဒီလို ပြသမှုတွေကနေ ပြည်ပသွင်းကုန်အစားထိုးပြီး MSME ထုတ်ကုန်တွေကို ပြည်သူတွေဘေးကင်းကောင်းမွန်စွာ သုံးစွဲနိုင်ဖို့၊ ပြည်တွင်းဖူလုံနိုင်မှုမှသည် ပြည်ပပို့ကုန်မြှင့်တင်နိုင်ပြီးတော့ နိုင်ငံတကာစျေးကွက်အထိ ထိုးဖောက်နိုင်ဖို့ နိုင်ငံတော်က ရည်ရွယ်ထားပါတယ်။
ဒါကြောင့် ပြည်တွင်းစျေးကွက်ထဲမှာ မင်းမူနိုင်ရုံနဲ့အဆင်မပြေဘူး။ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ဖို့ GDP တိုးမြှင့်နိုင်ဖို့ MSME ထုတ်ကုန်လုပ်ငန်းတွေကို နိုင်ငံတကာစျေးကွက်အထိ ချဲ့ထွင်ထိုးဖောက်နေရာ ယူနိုင်ဖို့ လိုပါတယ်။ အဲဒီလို ထိုးဖောက်နေရာယူနိုင်ဖို့ နိုင်ငံတကာ ကုန်စည်ပြပွဲတွေမှာ ပြသနိုင်ဖို့ရယ် အွန်လိုင်းပလက်ဖောင်းတွေမှာ ဘရန်းတွေ ပေါက်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနဲ့ အဆင့်မြင့်စက်မှုကုန်ထုတ်နည်းပညာတွေ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။
မေး ။ ။ ဒီလို နိုင်ငံတကာစျေးကွက်မှာ တခြားနိုင်ငံက ထုတ်ကုန်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ဝန်ကြီးဌာနက ဘယ်လို အားဖြည့် ဆောင်ရွက်သွားမယ်ဆိုတာ သိပါရစေ။
ဖြေ ။ ။ နိုင်ငံတကာအသိအမှတ်ပြု စံချိန်စံညွှန်းသတ်မှတ်ချက်တွေနဲ့ ပြည့်မီဖို့၊ အရည်အသွေးအာမခံချက်တွေ ခိုင်မာအားကောင်းနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြခန်းမှာ စံနှုန်းအရည်အသွေးတွေ ပြည့်မီအောင် ထုတ်လုပ်နိုင်ဖို့ဘာတွေ လိုအပ်တယ်ဆိုတာ၊ အရည်အသွေးထောက်ခံချက်ရရှိဖို့ စမ်းသပ်စစ်ဆေးတဲ့အခါနဲ့ ထုတ်လုပ်ရေးလုပ်ငန်းစဉ်မှာ အတိုင်းအတာတွေကို စံနှုန်းတွေနဲ့အညီ တိကျမှန်ကန်စွာ ဘယ်လိုတိုင်းတယ်ဆိုတာ ပြသထားပြီး သိရှိလိုတာတွေကို မေးမြန်းဆွေးနွေးနိုင်ပါတယ်။
ပြီးတော့ MSME လုပ်ငန်းရှင်တွေအနေနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ သုတေသနစီမံကိန်းရလဒ်တွေကနေ နည်းပညာတွေ လွှဲပြောင်းရယူနိုင်တယ်။ အဲဒီအတွက် လာရောက်လေ့လာတဲ့ MSME လုပ်ငန်းရှင်တွေ သူတို့လိုအပ်တဲ့ နည်းပညာတွေ တောင်းခံဖို့ ဆောင်ရွက်ဖို့ လိုအပ်တာတွေကို ပြခန်းမှာ ရှင်းရှင်းလင်းလင်း ပြသထားတယ်။ ပြခန်းမှာပဲ လေ့လာသူတွေက တောင်းခံလာတဲ့အခါ လုပ်ထုံးလုပ်နည်းနဲ့အညီ နည်းပညာပံ့ပိုးပေးနိုင်ဖို့ One Stop Service ကောင်တာကိုလည်း ဖွင့်လှစ်ထားပါတယ်။
ဒီကောင်တာမှာ လုပ်ငန်းတွေအတွက် ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ သက်ဆိုင်ရာဦးစီးဌာနတွေက ဝန်ဆောင်မှုတွေ ပေးပါတယ်။ ဝန်ဆောင်မှုအလိုက် ကြာမြင့်မယ့်ကာလ၊ နည်းပညာဆိုင်ရာ အကြံပြုချက်တွေကို မေးမြန်းဆွေးနွေးနိုင်တဲ့အပြင် သက်ဆိုင်ရာ ဒေသအလိုက် သင်တန်းပို့ချပေးဖို့ လိုအပ်ရင်လည်း ညှိနှိုင်းတောင်းခံ နိုင်ပါတယ်။
မေး ။ ။ ပြခန်းမှာ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရဲ့ MSME အထောက်အကူပြု ပြသထားမှုတွေကို ရှင်းလင်း ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ အဓိကကတော့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံစနစ်က မဟာဗျူဟာ မဏ္ဍိုင်ဖြစ်ကြောင်း မီးမောင်းထိုးပြသထားပါတယ်။ ဒီစနစ်ရဲ့ အဓိကလုပ်ငန်းစဉ်ငါးရပ်ဖြစ်တဲ့ စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ တိကျစွာတိုင်းတာခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ အရည်အသွေးထောက်ခံချက် ထုတ်ပေးခြင်းနဲ့ အသိအမှတ်ပြုခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ နည်းပညာလွှဲပြောင်းမှုနဲ့ သုတေသနလုပ်ငန်းဆိုင်ရာ ပြကွက်တွေကို ခင်းကျင်းပြသထားပါတယ်။
တိကျစွာ တိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ) ပြကွက်မှာ ISO/IEC စံချိန်စံညွှန်းတွေနဲ့အညီ တည်ထောင်ထားမှုတွေ၊ သိပ္ပံက ဓာတ်ခွဲခန်း ခုနစ်ခုအကြောင်း၊ မြန်မာနိုင်ငံရဲ့ပထမဆုံး ISO/IEC 17025: 2017 နိုင်ငံတကာအသိအမှတ်ပြုမှု လက်မှတ်ရရှိထားတဲ့ ဒြပ်ထုတိုင်းတာဓာတ်ခွဲခန်းနဲ့ ဆန်စပါးစိုထိုင်းဆ တိုင်းတာမှုတွေကို ပြသထားပါတယ်။
ပြီးတော့ မြန်မာစံချိန်စံညွှန်းစာအုပ်တွေကိုလည်း ပြည်သူတွေဗဟုသုတတိုးပွားအောင်နဲ့ MSME လုပ်ငန်းရှင်တွေအသုံးပြုနိုင်ဖို့ အတွက် ရောင်းချပေးလျက်ရှိပါတယ်။ အရင်က မြန်မာစံချိန်စံညွှန်း ၄၃၉ ခုပဲ ရှိခဲ့ပါတယ်။ အခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ မြန်မာစံချိန်စံညွှန်း ၄၅၀ ကို တိုးမြှင့်ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ မြန်မာစံချိန်စံညွှန်း ၈၈၉ ခုအထိ သတ်မှတ်ပြဋ္ဌာန်းနိုင်ပြီဖြစ်တဲ့ အတွက် သိသိသာသာ တိုးတက်လာတာကိုလည်း တွေ့ရပါတယ်။ မြန်မာစံချိန်စံညွှန်းရောင်းချပြီး နိုင်ငံတော်ဘဏ္ဍာကို ပေးသွင်းငွေတွေလည်း သိသာစွာတိုးတက်လာတယ်။ ဓာတ်ခွဲခန်းတွေမှာ လုပ်ငန်းရှင်တွေ လာရောက်စမ်းသပ်တဲ့ အကြိမ်အရေအတွက်နဲ့ နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းငွေတွေလည်း သိသာစွာ တိုးပွားလာတာတွေ တွေ့ရပါတယ်။
၂၀၂၁ ခုနှစ်ကစလို့ MSME ဖွံ့ဖြိုးတိုးတက်လာတဲ့ ပြညွှန်းကိန်းအနေနဲ့ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက လုပ်ငန်းရှင်တွေထံ နည်းပညာလွှဲပြောင်းနိုင်မှုအရေအတွက်ကို လေ့လာကြည့်ရင်အရင်က နည်းပညာလွှဲပြောင်းနိုင်မှု ၂၉ ခုသာရှိရာကနေ လက်ရှိမှာ ၆၂ ခုရှိလာပြီဖြစ်လို့ အခုနိုင်ငံတော်အစိုးရလက်ထက်မှာ နည်းပညာ လွှဲပြောင်းနိုင်မှု ၃၃ ခု တိုးတက်လာတာ ဖြစ်ပါတယ်။
အဲဒီနည်းပညာလွှဲပြောင်းမှုပြကွက်မှာ MSME လုပ်ငန်းရှင်တွေဆီ နည်းပညာလွှဲပြောင်းပေးခဲ့ပြီး ဒေသထွက် ကုန်ကြမ်းအခြေပြု ဈေးကွက်ဝင်ထုတ်ကုန်ပစ္စည်းတွေကို ပြသထားပါတယ်။ သုတေသန လုပ်ငန်းတွေအနေနဲ့ဝါး၊ သစ်အလေအလွင့်၊ အုန်းဖိုင်ဘာဆိုင်ရာ သုတေသနထုတ်ကုန်ပစ္စည်းတွေနဲ့ MSME လုပ်ငန်းသုံးပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အသုံးချမှုဆိုင်ရာ ပစ္စည်းတွေကိုလည်း ပြသထား တာဖြစ်ပါတယ်။ ပြီးတော့ အစားအစာတီထွင်ဆန်းသစ်မှုဌာန (Food Innovation Center)ရဲ့ ကုန်ကြမ်းပေး၊ ကုန်ချောယူဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ ပြသထားပါတယ်။
ဒါကြောင့် MSME လုပ်ငန်းရှင်တွေအနေနဲ့ နည်းပညာပံ့ပိုးပေးဖို့ တောင်းခံလာရင်ဖြစ်ဖြစ်၊ လုပ်ငန်းတွေ ပိုမိုချဲ့ထွင်နိုင်ဖို့ ဒေသထွက် ကုန်ကြမ်းသစ်တွေကနေ နည်းပညာအသစ်အဆန်းတွေ အသုံးချပြီး မြှင့်တင်ဆောင်ရွက်ဖို့ လိုအပ်ရင်ပဲဖြစ်ဖြစ်၊ သင်တန်းပို့ချဖို့ပဲဖြစ်ဖြစ် One Stop Service ကောင်တာမှာ တာဝန်ရှိသူတွေနဲ့ မေးမြန်းဆွေးနွေး ချိတ်ဆက်ဆောင်ရွက်နိုင်ပါတယ်။
မေး ။ ။ ဇီဝနည်းပညာသုတေသနဦးစီးဌာနရဲ့ ပြကွက်ရဲ့ MSME ဝန်ဆောင်မှုတွေကို သိပါရစေ။
ဖြေ ။ ။ ဇီဝနည်းပညာသုတေသနဦးစီးဌာနရဲ့ ဇီဝနည်းပညာ ထုတ်ကုန်ပြကွက်မှာ လက်ရှိထုတ်လုပ်ရောင်းချနေတဲ့ ဇီဝထုတ်ကုန် (၆)မျိုးဖြစ်တဲ့ ရွှေစိမ်း(အပင်အားတိုးဆေး)၊ ရွှေဆည် ရည် (သီးပွင့်အားတိုးဆေး၊ အပင်ရောဂါပိုးကာကွယ်ဆေး)၊ ရွှေပိုးနှင် (သီးပွင့်အားတိုးဆေး၊ အပင်ရောဂါပိုးကာကွယ်ဆေး)၊ ရွှေဇီဝ (အကျိုးပြု အဏုဇီဝပိုးတွေပါသော ဇီဝမြေဩဇာ)၊ တစ်သျှူးမျိုးပွား အပင်တွေ (နဂါးမောက်၊ တစ်ပင်တိုင်မြနန်း၊ ရွှေနီ၊ ဖီးကြမ်း၊ ခွံဝါ တစ်သျှူးငှက်ပျော၊ နာနတ်၊ မြန်မာသစ်ခွ၊ ပိန်းပန်း)၊ Green-Tricho ဇီဝမှိုသတ်ဆေး (မြေတွင်းအောင်းမှိုသတ်ဆေး၊ မြေဆောင်၊ လေဆောင်၊ အစေ့ဆောင်မှို) စတာတွေကို ပြသထားပြီး ဝယ်ယူအားပေးနိုင်အောင်လည်း စီစဉ်ထားပါတယ်။
ဒါ့အပြင် နည်းပညာလွှဲပြောင်းပေးဖို့ရှိတဲ့ ဇီဝထုတ်ကုန်(၅)မျိုး ဖြစ်တဲ့ အကျိုးပြုအဏုဇီဝပိုးတွေပါတဲ့ ဇီဝမြေဩဇာခဲ၊ ရှားစောင်း ဆပ်ပြာ (အသားအရေထိန်းသိမ်းဆပ်ပြာ)၊ သစ်ခွဆပ်ပြာ၊ အာဟာရ ပြည့်ဝပြီး ဈေးနှုန်းသက်သာတဲ့ ပြည်တွင်းကုန်ကြမ်းနဲ့ ထုတ်လုပ်တဲ့ငါးစာ၊ လက်ဖက်စိမ်းဖျော်ရည် စတာတွေလည်း ပြသထားပါတယ်။
ဒါတွေနဲ့ ပတ်သက်ပြီး နည်းပညာပံ့ပိုးပေးတဲ့ ဝန်ဆောင်မှုတွေကို ဆောင်ရွက်နိုင်တဲ့အပြင် ရေအရည်အသွေးမြှင့်တင်မှုအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေး-မွေးမြူရေးလုပ်ငန်းတွေ၊ တိုင်းရင်းဆေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဇီဝနည်းပညာပံ့ပိုးပေးတဲ့ ဝန်ဆောင်မှုတွေကိုလည်း ဆောင်ရွက်ပေး နိုင်ပါတယ်။ ဇီဝနည်းပညာသင်တန်းတွေ ဒေသအလိုက် ပို့ချပေးဖို့ လိုအပ်ရင်လည်း ချိတ်ဆက်ညှိနှိုင်းတောင်းခံနိုင်ပါတယ်။
မေး ။ ။ အဏုမြူစွမ်းအင်ဦးစီးဌာနရဲ့ ပြကွက်ကိုလည်း သိပါရစေ။
ဖြေ ။ ။ အဏုမြူစွမ်းအင်ဦးစီးဌာနရဲ့ ပြကွက်မှာ နျူကလီးယားနည်းပညာကို အသုံးချပြီး MSME ထုတ်ကုန်တွေကို အရည်အသွေးနဲ့ တန်ဖိုးမြှင့်တင်ထုတ်လုပ်ပုံတွေကို အဓိကပြသထားပါတယ်။ ဂမ္မာဓာတ်ရောင်ခြည်ပေးပြီး ဝန်ဆောင်မှုလုပ်ငန်း(၇)မျိုးကို ယေဘုယျအားဖြင့် ဆောင်ရွက်နိုင်တယ်။
ဒါတွေကတော့ အစားအစာတွေဘေးအန္တရာယ် ကင်းရှင်းစေတာနဲ့ တာရှည်ခံတာ၊ စက်မှုထုတ်ကုန်ပစ္စည်းတွေဖြစ်တဲ့ ဝိုင်ယာကြိုးတွေ၊ Polythylene Foam Pipe တွေရဲ့ ဂုဏ်သတ္တိအရည်အသွေး တိုးတက် မြှင့်တင်လာစေတာ၊ စိုက်ပျိုးရေးအထောက်အကူပြုလုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေလျှော့ချရေးမှာ အထောက်အကူ ဖြစ်စေတာ၊ သဘာဝတွင်းထွက် ကျောက်မျက်တွေရဲ့ အရည်အသွေးမြှင့်တင်တာ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရဲ့ အရည်အသွေး မြှင့်တင်တာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဖြစ်ပါတယ်။
အဓိကကတော့ လာရောက်လေ့လာကြတဲ့ ပြည်သူတွေအနေနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးချမှုဆိုင်ရာ အသိအမြင်ဗဟုသုတတွေရရှိအောင်၊ MSME လုပ်ငန်းရှင်တွေအနေနဲ့လည်း နျူကလီးယားနည်းပညာကိုအသုံးချပြီး လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်နိုင်ဖို့ အမြင်သစ်တွေရအောင် ဖြစ်ပါတယ်။
မေး ။ ။ ပြည်သူတွေ သိရှိစေဖို့ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါ။
ဖြေ ။ ။ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲရဲ့ ပြခန်းအသီးသီးမှာ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရဌာနတွေနဲ့ လုပ်ငန်းရှင်တွေကို တစ်ထိုင်တည်း ချိတ်ဆက်ဆောင်ရွက်ပေးတယ်။ ဝန်ဆောင်မှုပေးတယ်။ ဒါကြောင့် လာရောက်လေ့လာကြဖို့ လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်လိုပါတယ်။