Skip to main content

နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး စည်းလုံးညီညွတ်မှုဖြင့် ဘက်စုံတည်ဆောက်

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ သွေးစည်းညီညွတ်မှုသည် အသက်တမျှအရေးကြီးသည်။ စည်းလုံးညီညွတ်မှု၏ သက်သေပြယုဂ်အဖြစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် အရေးပါသည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သက်သေထူခဲ့ပြီးဖြစ်သည်။ ယနေ့အချိန်အခါ သည် တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှုကို သက်သေထူပြခဲ့သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ နေ့ထူးအခါဖြစ်သည်။

စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို အသက်သွေးချွေးပေါင်းများစွာရင်းကာ ခက်ခဲကြမ်းတမ်းမှုများဖြင့် ရယူထားရသည်။ နိုင်ငံကို အသက်သွေးချွေးပေါင်းများစွာ၊ ကြမ်းတမ်းမှုအဖုံဖုံဖြင့် ဆက်လက်ကာကွယ်စောင့်ရှောက်နေရသည်။ အတိတ်တစ်ချိန်က နယ်ချဲ့ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် စိတ်ဝမ်းကွဲပြားကာ အဖြစ်ဆိုးများကြုံခဲ့ရပြီးဖြစ်သည်။ မျက်မှောက်ကာလတွင် ကိုလိုနီနယ်ချဲ့လက်သစ်တို့၏ စနက်ကြောင့် တိုင်းရင်းသားပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် လက်နက်ကိုင်အကြမ်းဖက်မှုများအထိဖန်တီးပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ပြုလုပ်နေသည်။

လက်နက်ကိုင်ပဋိပက္ခများရှိသည့် နယ်မြေဒေသများမှ ဒေသခံများအနေဖြင့် နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများဒဏ်ကို ပြင်းထန်စွာခံစားနေရသည်။ ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကို မုန်းတီးနာကြည်းနေကြသည်။ ဒေသများပျက်သုဉ်းအောင် တိုက်ခိုက်မှုများကို ထိုဒေသခံများကပင် လုပ်ဆောင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ဒေသ မိမိတို့၏ တိုင်းရင်းသားညီအစ်ကိုမောင်နှမမိသားစုများ လူမှုဘဝအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးတို့ကို များစွာတောင့်တလျက်ရှိသည့် ပြည်သူအားလုံး၏ဆန္ဒကို အလေးအနက်ထား စဉ်းစားပေးကြရန် မေတ္တာရပ်ခံပါသည်။

တိုင်းရင်းသားဒေသများမှ လက်နက်ကိုင်များအနေဖြင့် ကိုယ့်ဆန္ဒနှင့်ကိုယ့်အကျိုးစီးပွားထက် မိမိတို့အားလုံး မှီတင်းနေထိုင်သည့် ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသားပြည်သူများအားလုံး၏ ဖြစ်သင့်ဖြစ်ထိုက်သည့် အကျိုးစီးပွားကို စိတ်ရင်းစေတနာမှန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုကြီးငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင် လုပ်ဆောင်ကြရန်လိုအပ်သည်။ ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများနှင့် လူသားအရင်းအမြစ်များ ပျက်စီးဆုံးရှုံးခြင်းသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူများအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းကာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ဖော်ဆောင်ပေးလိုသည့် စိတ်ရင်းစေတနာသာရှိသည်။ နိုင်ငံတော်ကို ထာဝရတာဝန်ယူထားခြင်းမဟုတ်ပေ။ အများပြည်သူတို့၏ဆန္ဒ၊ ဒီမိုကရေစီနည်းလမ်းတကျ အများပြည်သူ ရွေးချယ်တင်မြှောက်သော အစိုးရတစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စနစ်တကျလွှဲပြောင်းပေးရေးကို မျက်ခြည်မပြတ် အလေးထားဆောင်ရွက်နေသည်မှာ သိသာထင်ရှားသည့် ရည်ရွယ်ချက်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် လွှတ်တော်စင်မြင့်၌ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်သည်။ တိုင်းရင်းသားများအရေး၊ ဒေသအရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နည်းလမ်းစနစ်တကျ ဆွေးနွေးတိုင်ပင် ဆောင်ရွက်နိုင်သည်။ ယင်းတို့သည် မတူကွဲပြားသည့် စည်းလုံးညီညွတ်မှုပင်ဖြစ်သည်။

စည်းလုံးညီညွတ်မှုသည် နိုင်ငံတည်တံ့ခိုင်မြဲရေး၊ တိုးတက်ရေးအတွက် ကြီးမားသော မောင်းနှင်အားဖြစ်သည်။ တိုင်းပြည်တစ်ပြည် ကောင်းစွာရှင်သန်ရပ်တည်နေနိုင်ရန် ထိုတိုင်းပြည်တွင် နေထိုင်ကြသူပြည်သူအားလုံး ခုခံကာကွယ်နိုင်မှုအားနှင့် လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းများကို အစဉ်မြှင့်တင်နေကြရမည် ဖြစ်သည်။ နိုင်ငံရပ်တည်ရှင်သန်နိုင်ရေးကို ပြည်သူအားလုံး၏ ကိုယ်စွမ်းကိုယ်စဖြင့် စွမ်းဆောင်ရမည်ဖြစ်ပြီး နိုင်ငံတော်၏အချုပ်အခြာအာဏာ အားနည်းပြီး သူတစ်ပါး လက်အောက်ခံနိုင်ငံဘဝသို့ ကျရောက်မည်ကို သတိမူရမည်ဖြစ်သည်။ ငွေကြေးဓန အင်အားသာလွန်သည်ကို အထင်ကြီးပြီး နိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲကြမည်ဆိုလျှင် မိမိတို့သာ ကြေပြုန်းပျက်စီးနိုင်သည်ကို မျက်မှောက်ကာလ ပြိုကွဲသွားသော နိုင်ငံများကို သက်သေယူနိုင်သည်။

သို့ဖြစ်ရာ အနှောင်အဖွဲ့ကင်းသည့် လွတ်လပ်သောနိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေရန်၊ သူတစ်ပါးလက်အောက်ခံ၊ လက်ဝေခံနိုင်ငံမဖြစ်စေရန် ပြည်ထောင်စုသား အားလုံးစည်းလုံးညီညွတ်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အတွက် အန္တရာယ်ကျရောက်နိုင်သည့် ယခုလိုကာလမျိုးတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည့် တပ်မတော်နှင့်ပြည်သူတို့ ခိုင်မြဲစွာလက်တွဲပြီး တိုင်းချစ်ပြည်ချစ်စိတ်၊ ရဲစွမ်းသတ္တိအပြည့်အဝစိတ်ဖြင့် နိုင်ငံတော်အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ဘက်စုံတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။