နေပြည်တော် ဖေဖော်ဝါရီ ၁၀
ဧရာဝတီတံတား(မလွန်)ရေလမ်းတွင် ရေယာဉ်များဖြတ်သန်းသွားလာရန် အစုန်ရေလမ်းကြောင်းကို ရေလယ်တိုင်အမှတ် (၃)နှင့် (၄)အကြားမှလည်းကောင်း၊ အဆန်ရေလမ်းကြောင်းကို ရေလယ်တိုင် အမှတ် (၂)နှင့် (၃) အကြားမှလည်းကောင်း သတ်မှတ်ပေးထားပြီး ယခုအခါ မြစ်ကြမ်းပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် တံတားရေလမ်းကြောင်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ်(၄)နှင့် (၅)အကြားမှ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။
ပြောင်းလဲမည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ (၉၈) မီတာရှိပြီး ကင်းလွတ်အမြင့်မှာ အမြင့်ဆုံးရေမျက်နှာပြင်အထက် (၁၇)မီတာရှိသည်။ ရေယာဉ်များဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံအမှတ်အသားပြသ၍ ညအခါမီးစိမ်းထွန်းပြသထားပြီး မဝင်ရမည့်ရေလမ်းတွင် နေ့အခါအနီရောင် ကြက်ခြေခတ် အမှတ်အသားပြသ၍ ညအခါမီးနီထွန်း ပြသထားမည်ဖြစ်သည်။
တံတားတိုင်များ၏ အောက်ခြေပိုင်တိုင် အုတ်ခုံမှာရေလယ်တိုင်များ၏ တစ်ဖက်တစ်ချက်တွင် (၁၅)ပေခန့် ထိုးထွက်နေသဖြင့် ရေယာဉ်များ ရေလယ်တိုင်(၂) ခုအကြားမှ ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုရန်နှင့် တွဲတွန်းရေယာဉ်များ တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဉ်းကပ်ရာတွင်လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်