နေပြည်တော် ဖေဖော်ဝါရီ ၁၀
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ထွက်ရှိသည့် ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များ၊ ဒေသန္တရထွက်ကုန်များကိုအခြေခံ၍ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည့် စက်ယန္တရားနှင့်နည်းပညာများကို အနယ်နယ်အရပ်ရပ်မှ ပြည်သူများ စိတ်အားထက်သန်စွာဖြင့် လာရောက်ကြည့်ရှုလေ့လာလျက်ရှိကြသည်။
ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခင်းကျင်းပြသရောင်းချနေကြသည့် တိုင်းရင်းသားများနှင့် လာရောက်လေ့လာကြသည့် ပြည်သူများနှင့်တွေ့ဆုံ၍ ပွဲတော်အတွင်း ပါဝင်ဆင်နွှဲရသည့် ရင်တွင်းပီတိစကားသံများကို တွေ့ဆုံမေးမြန်း ရေးသားလိုက်ရပါသည်။
ဦးကျော်စွာဦး(ညွှန်ကြားရေးမှူး၊ စက်မှုဝန်ကြီးဌာန)
အရင်က စက်မှုဝန်ကြီးဌာနအောက်မှာ သင်တန်းကျောင်းရှစ်ကျောင်းရှိပါတယ်။ တစ်နှစ်၊ ရှစ်လ၊ သုံးလသင်တန်းတွေ ဖွင့်လှစ်ပေးပါတယ်။ အခုရွေ့လျားသင်တန်းက နှစ်ရှည်၊ လရှည်သင်တန်း တက်ရောက်သင်ကြားနိုင်ဖို့ အခွင့်အရေးနည်းပါးတဲ့ ကျေးလက်ဒေသက လူငယ်၊ လူရွယ်တွေအတွက် ရည်ရွယ်ပြီး ဒေသအရောက်ဖွင့်လှစ်ပေးတဲ့သင်တန်းမျိုးဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကျေးလက်နေ လူငယ်၊ လူရွယ်တွေ စက်မှုနဲ့ သက်မွေးပညာတွေကို အခြေခံသင်ကြားတတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းရှာဖွေတဲ့အချိန်မှာ အထောက်အကူဖြစ်ဖို့ရယ်၊ အခြေခံသက်မွေးပညာတွေကို သိရှိနိုင်ဖို့ရယ်၊ ဒီသင်တန်းကျောင်းတွေကနေတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ဖို့ရယ်၊ နိုင်ငံတော်က လိုအပ်နေတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို တစ်ဖက်တစ်လမ်းကနေ ဖြည့်စွက်ပေးဖို့ရယ်ဆိုပြီး ရည်ရွယ်ချက်တွေနဲ့ ဒေသအရောက် စက်မှုနဲ့သက်မွေးရွေ့လျားသင်ကြားပေးခြင်းဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် MSME ဒေသထွက်ကုန်ပြပွဲနဲ့ ပြိုင်ပွဲက ပြည်ထောင်စုအဆင့်ဖြစ်တဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်က လုပ်ငန်းရှင်တွေရော၊ ပြည်သူပြည်သားတွေရော လာရောက်လေ့လာကြမှာ ဖြစ်တဲ့အတွက် စက်မှုဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ စက်မှုနဲ့သက်မွေးရွေ့လျားသင်တန်းတွေကို သိရှိသွားမှာဖြစ်ပါတယ်။ လေ့လာရင်းနဲ့ သင်ကြားတတ်မြောက်ချင်တယ်ဆိုရင် ကျွမ်းကျင်မှုအခြေပြုသုံးလသင်တန်း၊ တစ်နှစ်သင်တန်းတွေအထိ တက်ရောက်သင်ကြားခြင်းဖြင့် နိုင်ငံတော်မှာလိုအပ်နေတဲ့ MSME ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်တွေအတွက် များစွာအထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ ရွေ့လျားသင်တန်းမှာ အခြေခံလျှပ်စစ်ပညာသင်တန်း၊ အခြေခံစက်ပြင်သင်တန်း၊ အခြေခံဂဟေဆက်သင်တန်းနဲ့ အခြေခံမော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းဆိုပြီး သင်တန်းလေးမျိုး သင်ကြားပေးလျက်ရှိပါတယ်။ ဒီသင်တန်းက နှစ်ပတ်သင်တန်းဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဘာသာရပ်တွေအလိုက် အခြေခံတွေကို သင်ကြားပေးတာဖြစ်ပါတယ်။ ဒီထက်ပိုမိုသင်ကြားတတ်မြောက် လိုတယ်ဆိုရင် သုံးလ၊ တစ်နှစ်သင်တန်းတွေကို ဆက်လက်တက်ရောက် သင်ကြားနိုင်ပါတယ်ဆိုတာကို အသိပေးလိုပါတယ်။
ကိုစိုးဝင်းဇော်(ရှမ်းပြည်နယ်ကိုယ်စားပြုပြခန်း)
ကျွန်တော်က Bamboo design and Construction ရဲ့ Operations Director ဖြစ်ပါတယ်။ ဝါးနဲ့ ပတ်သက်ပြီး အဆောက်အဦဒီဇိုင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပါတယ်။ ဝါးနဲ့ပတ်သက်ပြီး လှပသေသပ်အဆင့်မီတဲ့ ပရိဘောဂတွေ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲမှာ လာရောက်ပြသခွင့်ရတဲ့ အကျိုးရလဒ်ကအတော်ကို ကောင်းမွန်ပါတယ်။ အခုဆိုရင် ကျွန်တော့်ကိုလာရောက်ချိတ်ဆက်တဲ့ လုပ်ငန်းတွေလည်းရှိပါတယ်။ အကျိုးတူဆောင်ရွက်ချင်တဲ့ လုပ်ငန်းရှင်တွေရဲ့ ဆွေးနွေးမှုလည်းရှိပါတယ်။ အခုလို ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ လုပ်ငန်းတွေ အကုန်စုစည်းလိုက်တဲ့အတွက် လုပ်ငန်းတွေဖလှယ်ခွင့်ရသွားပါတယ်။ ကိုယ့်အရည်အသွေးကို ပြသခွင့်ရတဲ့အပြင် တခြားသူရဲ့ အရည်အသွေးကိုလည်း လေ့လာခွင့်ရတဲ့အတွက် ဒီပြပွဲကြီးက ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်ယူလာတဲ့ ပရိဘောဂတွေရဲ့တစ်ဝက်က ရောင်းကုန်သွားပြီဖြစ်တဲ့အတွက် MSME ထုတ်ကုန်ပြပွဲကြီးက ကျွန်တော်တို့လို လုပ်ငန်းရှင်တွေအတွက် အခွင့်အရေးကောင်းတစ်ခုလို့ မြင်မိပါတယ်။
ဦးထွန်းထွန်းနိုင် (ကချင်ပြည်နယ်ကိုယ်စားပြုပြခန်း)
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကြီးမှာ ကချင်ပြည်နယ်ကိုယ်စားပြုပြခန်းမှာ ရောင်းချခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ပါတယ်။ ဂျိန်းဖော့သူ ကချင်ရိုးရာအထည် ပုဆိုး၊ မိန်းမဝတ် ဝမ်းဆက်၊ လုံချည်စက်ရက်ထည်၊ လက်ရက်ထည်တွေကို ရောင်းချပါတယ်။ ဒီပြပွဲကြီးမှာ ကိုယ့်ပြည်နယ်ရဲ့ ရိုးရာအဝတ်အထည်တွေကို ရောင်းချခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ တစ်နေရာတည်းမှာ တိုင်းရင်းသားပေါင်းစုံရဲ့ ရိုးရာအဝတ်အထည်၊ ရိုးရာအစားအစာတွေအပြင် လုပ်ငန်းရှင်တွေနဲ့လည်း ဆွေးနွေးဖလှယ်ခွင့်ရတဲ့အတွက် အခွင့်ထူးတစ်ရပ်လို့ မြင်မိပါတယ်။ ကျွန်တော်တို့လို လုပ်ငန်းရှင်တွေအတွက် ဈေးကွက်ချဲ့ထွင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဒေါ်ဝေဝေသွယ်(ဆရာမ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံကျောင်း)
ကျွန်မက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်ဖို့အတွက် ရောက်ရှိနေတာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို လေ့လာရေးလာရောက်ဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ပြခန်းတွေကို အရင်ဆုံးလေ့လာဖြစ်ပါတယ်။ ကျွန်မက ကယားတိုင်းရင်းသူဖြစ်တဲ့အတွက် ကယားပြခန်းကို ပိုပြီးစိတ်ဝင်တစား လေ့လာဖြစ်ပါတယ်။ ကိုယ့်ပြည်နယ်ကို သတိရနေတဲ့အတွက် အခုလိုလေ့လာခွင့်ရတဲ့အချိန်မှာ အပျော်ရွှင်ဆုံးဖြစ်ပါတယ်။ ကိုယ့်ပြည်နယ်ကို ရောက်သွားသလို ခံစားရပါတယ်။ ဒီလိုတစ်နေရာတည်းမှာ တိုင်းရင်းသားပေါင်းစုံကို တစ်ပြိုင်တည်းလေ့လာနိုင်ဖို့ စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
မသွယ်သွယ်လှိုင် (ကျောင်းသူ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်း)
ဒီ MSME ထုတ်ကုန်ပြပွဲကပြခန်းတွေကို လေ့လာကြည့်ရှုခဲ့ပါတယ်။ စိုက်ပျိုးရေးကျောင်းက ကျောင်းသူဖြစ်တဲ့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနပြခန်းကို အရင်ဆုံးလေ့လာဖြစ်ခဲ့ပါတယ်။ ကျောင်းသင်ခန်းစာတွေအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ စိတ်ဝင်စားဖွယ်ရာပြခန်းတွေလည်း အများကြီးရှိပါတယ်။ တိုင်းရင်းဆေးပြခန်းမှာတော့ မိဘအတွက် လိမ်းဆေး၊ ရှူဆေးတွေ ဝယ်ခဲ့ပါသေးတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ပြခန်းတွေကိုလည်း မြင်တွေ့ရတော့ မြန်မာနိုင်ငံအနှံ့အပြားကို ခရီးထွက်ရသလို ခံစားရပါတယ်။ စိတ်ဝင်စားစရာတွေ၊ ဗဟုသုတတွေ အများကြီးတိုးစေတဲ့အတွက် သူငယ်ချင်းတွေနဲ့ နောက်တစ်ခေါက် လာရောက်ကြည့်ရှုဦးမယ်လို့ စိတ်ကူးထားပါတယ်။
မောင်နိုင်ဝင်းထွေး(လေ့လာသူ၊ ရမည်းသင်းမြို့)
ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ထုတ်ကုန်ပြပွဲကို သူငယ်ချင်းတွေနဲ့အတူ လာရောက်လေ့လာတာဖြစ်ပါတယ်။ ကိုယ့်မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဒေသအလိုက်ထွက်ရှိတဲ့ ထုတ်ကုန်တွေ၊ ရိုးရာအစားအစာတွေ၊ ရိုးရာအဝတ်အထည်တွေကို လေ့လာခွင့်ရတဲ့အတွက် စီစဉ်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ လယ်ယာထွက်ကုန်ပစ္စည်းတွေကို ပြသထားတာလည်း တွေ့ရပါတယ်။ တချို့အရာတွေကို အခုလိုအပြင်မှာပါ မြင်တွေ့ခွင့်ရတဲ့အတွက် ဗဟုသုတတိုးစေပါတယ်။ ဒီ MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲကြီးမှာ ဗဟုသုတတွေ၊ စိတ်ဝင်စားစရာတွေများစွာပြသထားလို့ သူငယ်ချင်းတွေကိုလည်း လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။
တွေ့ဆုံမေးမြန်း-အေးအေးသန့်၊ ဂျိုင်းလော
ဓာတ်ပုံ- ဂျိုင်းလော