နေပြည်တော် ဖေဖော်ဝါရီ ၁၀
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ကျင်းပရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက် လာရောက်လေ့လာကြည့်ရှုဝယ်ယူကြသဖြင့် အထူးစည်ကားလျက်ရှိသည်။
ပွဲတော်သို့ လာရောက်ကြသည့် ပြည်သူများကို သက်ဆိုင်ရာတိုင်းရင်းသားရိုးရာပြခန်းများအလိုက် ခင်းကျင်းပြသရောင်းချပေးနေကြသည့် တိုင်းရင်းသားအဖွဲ့များက ရင်းနှီးနွေးထွေးစွာ ကြိုဆိုကြပြီး ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အထင်ကရနေရာများ၊ ဒေသတွင်း လူမှုစီပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များနှင့် ဒေသအလိုက်ရိုးရာအစားအစာများ၊ MSME ထုတ်ကုန်များအကြောင်းကို နွေးထွေးပျူငှာစွာ ရှင်းလင်းပြသပေးကြရာ ကျောင်းသား၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများစိတ်အားထက်သန်စွာ လေ့လာကြည့်ရှုကြပြီး တိုင်းရင်းသားအဖွဲ့များဖြင့် ဂုဏ်ယူစွာ အမှတ်တရဓာတ်ပုံရိုက်ကြသူများဖြင့်လည်း စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ထို့ပြင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ MSME ထုတ်ကုန်များနှင့် ရိုးရာအစားအစာပြခန်းအသီးသီး၌လည်း ဒေသအလိုက်ထွက်ရှိသည့် ရိုးရာအစားအစာများ၊ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများ၊ One Region One Product ထုတ်ကုန်များအပါအဝင် ပြည်ပသို့ တင်ပို့ရောင်းချနေသည့် MSME ထုတ်ကုန်များအကြောင်းကို ပွဲတော်လာပြည်သူများ ဗဟုသုတအဖြစ်သိရှိစေနိုင်ရေးအတွက် အသေးစိတ်ခင်းကျင်းပြသထားသည်ကိုလည်း တွေ့မြင်ရသည်။
အဆိုပါ ပြခန်းများ၌လည်း မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရိုးရာယဉ်ကျေးမှုအကအလှများ၊ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ပေါ်လွင်စေသည့် တေးသီချင်းများနှင့် မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို တက်ကြွစေမည့် သီချင်းများ ဖွင့်လှစ်ဖျော်ဖြေတင်ဆက်ပေးကြရာ ပွဲတော်လာပြည်သူများအနေဖြင့် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ စည်းလုံးညီညွတ်သည့် သွေးချင်းညီအစ်ကိုစိတ်ဓာတ်များ ခံစားရရှိစေခဲ့ပြီး ပြည်ထောင်စု၏ အနှစ်သာရကိုလည်း ပိုမိုပေါ်လွင်စေခဲ့သည်။
အလားတူ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ထွက်ရှိသည့် MSME ထုတ်ကုန်များနှင့် ရိုးရာအစားအစာများ၊ တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံများကို ပြည်သူများ စိတ်ကြိုက်ဝယ်ယူနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိပြီး ချစ်ခင်နှစ်သက်မြတ်နိုးစွာဖြင့် ဝယ်ယူကြသူများဖြင့်လည်း စည်ကားလျက်ရှိကာ နည်းပညာပြခန်းများ၊ စက်ပစ္စည်းများနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၌လည်း စိတ်ဝင်တစားကြည့်ရှုလေ့လာကြရာ ဒေသအလိုက်ဆောင်ရွက်နေသည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အားပေးမြှင့်တင်ပေးရာရောက်သည့် မြင်ကွင်းတစ်ခုလည်းဖြစ်သည်။
ထို့အတူပြပွဲသို့ လာရောက်လေ့လာကြသည့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များနှင့် စိတ်ဝင်စားကြသည့် ပြည်သူများအတွက်လည်း နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုနည်းပညာများနှင့် အရည်အသွေးမြင့် စက်ယန္တရားများ၏ ထူးခြားသာလွန်သော စွမ်းဆောင်ရည်များ၊ နိုင်ငံတကာအဆင့်မီ စက်ယန္တရားများ၊ ဝယ်ယူမှု၊ တပ်ဆင်မှုအကြောင်းအရာများနှင့် ဈေးကွက်စီးပွားရေး လိုအပ်ချက်များကို အနာဂတ်နည်းပညာများ အသုံးပြု၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် ဗဟုသုတအကြောင်းအရာများကိုလည်း ပြခန်းများအလိုက် ကျွမ်းကျင်ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် စက်ယန္တရားများဖြင့် လက်တွေ့သရုပ်ပြ ရှင်းလင်းဆွေးနွေးပေးကြရာ မြန်မာနိုင်ငံ၏ အနာဂတ်စက်မှုနည်းပညာကဏ္ဍကို တစ်ခေတ်ဆန်းသစ်ပေးတော့မည့် မြင်ကွင်းတစ်ခုလည်းဖြစ်သည်။
ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် တိုင်းကျိုးပြည်ပြုတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်တက်ကြွစေမည့် တေးသီချင်းများဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများပေါင်းစပ်၍လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများ ပျော်ရွှင်စွာဖြင့် တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။
ထို့ပြင် ပြပွဲကြီးသို့ လာရောက်လေ့လာ ကြည့်ရှုဝယ်ယူကြသည့် အများပြည်သူများ အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန်အတွက် တာဝန်ရှိသူများက စနစ်တကျလုံခြုံရေးစစ်ဆေး ဆောင်ရွက်ပေးခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကလည်း ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် ပွဲတော်သို့လာသည့်လမ်းများ၌ ကြီးကြပ်ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက်လည်း ကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်ထားရှိသည်ကိုလည်း တွေ့ရှိရသည်။
အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေပြီး ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်/အားနည်းချက်များကို သိမြင်ဖော်ထုတ်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထုတ်ကုန်ပစ္စည်းများသည် “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေးပိုကောင်းရန်” ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်နေသည့် ဒေသတစ်ခု ထုတ်ကုန်တစ်ခုအစီအမံများ အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်စေရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ MSME များနှင့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုများပေးအပ်နိုင်စေရန်နှင့် MSME လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
အဆိုပါ ပြပွဲနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာ ရောင်းချသည့်ဆိုင်ခန်းများ၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး မိဘပြည်သူများ(အခမဲ့) လာရောက်အားပေး လေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်း-အောင်ရဲသွင်
အေးအေးသန့်၊ ဂျိုင်းလော
ဓာတ်ပုံ - ကိုကြီးထိန်၊ ဂျိုင်းလော