Skip to main content

တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးကို လက်တွဲတည်ဆောက်

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ရှေးနှစ်ပေါင်းထောင်ချီကတည်းက တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတို့သည် အတူတကွလက်တွဲပြီး ချစ်ကြည်ရင်းနှီးစွာနေထိုင်ခဲ့ကြသည်။ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံးတို့၏ ဘာသာစကားအမွေအနှစ်၊ ယဉ်ကျေးမှုထုံးတမ်းအမွေအနှစ်နှင့် သုခုမအနုပညာအမွေအနှစ်တို့သည် ပြည်ထောင်စုတစ်ဝန်းလုံး၏ ယဉ်ကျေးမှုအနုပညာအမွေအနှစ်ကဏ္ဍတွင် တစ်ဆက်တစ်စပ်တည်း ရောနှောပေါင်းစပ်လျက်ရှိသည်။ အသွေးအရောင်ကွဲသော်လည်း တစ်သားတည်းရှိသည်။

ပြည်ထောင်စုတစ်ဝန်းလုံး ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ ချစ်ခင်ရင်းနှီးစွာ စုပေါင်းနေထိုင်ခဲ့ကြသည့် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ယဉ်ကျေးမှုပြယုဂ်များစွာရှိသည်။ ပြည်ထောင်စုမြန်မာနိုင်ငံကို နယ်ချဲ့ဗြိတိသျှတို့က သုံးကြိမ်တိုင်တိုင် အဓမ္မကျူးကျော်သည့်အခါတွင်လည်း လူမျိုးစုခေါင်းဆောင်များနှင့် တိုင်းရင်းသားလူမျိုးအားလုံး အတူပူးပေါင်းလက်တွဲ၍ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်တွန်းလှန်ခဲ့ကြသည်။ နှစ်ပေါင်းရှည်ကြာ တည်တံ့ခိုင်မြဲခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ဥမကွဲသိုက်မပျက်၊ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် လက်တွဲဆောင်ရွက်ခဲ့ကြသည့်အစဉ်အလာသည် မြန်မာနိုင်ငံသား တိုင်းရင်းသားအားလုံးအတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည်။

မြန်မာနိုင်ငံကို နယ်ချဲ့ဗြိတိသျှတို့ သိမ်းပိုက်ပြီးသည့်အချိန်မှစ၍ နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် ယခင်က မခွဲမခြား၊ မကွဲမပြား စုပေါင်းနေထိုင်ခဲ့ကြသည့် တောင်တန်းဒေသနှင့် မြေပြန့်ဒေသတို့ကို နယ်ချဲ့အစိုးရက နည်းပရိယာယ်အမျိုးမျိုးဖြင့် သွေးခွဲအုပ်ချုပ်ခဲ့သည်။ နယ်ချဲ့ဗြိတိသျှတို့က မြန်မာနိုင်ငံကို မတတ်သာသည့်အဆုံး လွတ်လပ်ရေးပေးခဲ့ရလျှင်ပင် တောင်တန်းဒေသများကို ချန်လှပ်ပြီး ဆက်လက်သွေးခွဲအုပ်ချုပ်ရန် ကြံစည်ကြိုးပမ်းခဲ့ကြသည်။ ယင်းကြိုးပမ်းမှုကို ချေဖျက်နိုင်ရန်အတွက် ရှမ်းပြည်ပဒေသရာဇ်ကောင်စီဝင်စော်ဘွားများနှင့် ရှမ်းပြည်နယ် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်တို့မှ လူထုကိုယ်စားလှယ်များက ရှမ်းပြည်နယ်ပင်လုံမြို့၌ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ဆွေးနွေးခဲ့ကြသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပင်လုံညီလာခံအစည်းအဝေးကို သဘောတူသတ်မှတ်ခဲ့ကြပြီး ညီညွတ်မှုကိုအရင်းခံသည့် သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ယခုအခါ သမိုင်းဝင်ပင်လုံစာချုပ်ကြီး အခိုင်အမာစိုက်ထူနိုင်ခဲ့သည်မှာ (၇၈)နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်။ တစ်နိုင်ငံလုံး လွတ်လပ်သောနိုင်ငံအဖြစ် ဖြောင့်တန်းစေခဲ့သောကြောင့် တိုင်းရင်းသားလူမျိုးအားလုံးအတွက် ထူးခြားလေးနက်သော သမိုင်းဝင်နေ့ထူးကြီးဖြစ်သည်။

ပြည်ထောင်စုနေ့သည် နယ်ချဲ့ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်မှုကို တွန်းလှန်နိုင်ခဲ့သည့် သမိုင်းဖြစ်စဉ်ကြီးနှင့် တစ်ဆက်တစ်စပ်တည်းပင်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုအတွက် အရေးကြီးသော ဆောင်ရွက်ချက်ဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခိုင်အမာဖော်ပြနိုင်ခဲ့သည့် ပြည်ထောင်စုနေ့သမိုင်းဖြစ်ရပ်ကြီး၏ ခိုင်မာမြဲမြံသော ပန္နက်တိုင်ကြီးလည်းဖြစ်သည်။ ဤသို့ တိုင်းရင်းသားလူမျိုးအားလုံး၏ ခိုင်မြဲသောစည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်သောနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာရပ်တည်နိုင်မှုအား မေ့ပျောက်မျက်ကွယ်ပြုခြင်းကို မည်သို့မျှကြံစည်အားထုတ်ရန်မသင့်ပေ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် မိမိတို့ဘိုးဘွားဘီဘင်များ၏ ကြိုးပမ်းအားထုတ်ခဲ့မှုများကို မျက်ကွယ်မပြုဘဲ အသိအမှတ်ပြု ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်သည်။

မိမိတို့သည် ဘိုးဘွားဘီဘင်များ၏ သားစဉ်မြေးဆက်များဖြစ်၍ မိမိတို့ဘိုးဘွားဘီဘင်များ၏ကျေးဇူးကို မမေ့မလျော့ဘဲ ပြည်ထောင်စုကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်လိုအပ်သည်။ ယနေ့ဖြစ်ပေါ်နေသော အခြေအနေများသည် လူမျိုးစွဲ၊ ဒေသစွဲများကို အခြေခံ၍ သွေးခွဲသပ်လျှိုပေးမှုများကြောင့်လည်းကောင်း၊ ကိုယ်ကျိုးအတ္တ၊ မာန်မာနများဖြင့်လည်းကောင်း၊ မိမိဒေသများကိုသာမက ပြည်ထောင်စုကြီး၏ အခြားဒေသများကိုပါဖျက်ဆီးသည့် လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်များဖြစ်နေရာ မိမိတို့ဘိုးဘွားဘီဘင်များ သွေးနှင့်ရေးထိုးခဲ့သည့် စည်းလုံးညီညွတ်မှုသမိုင်းမှတ်တိုင်ကို ပြိုလဲအောင် နင်းခြေဖျက်ဆီးနေသည်နှင့်တူနေသည်။

သို့ဖြစ်ရာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှအရေးကြီးသည်။ ထို့အပြင် နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် ကြီးမားသောမောင်းနှင်အားဖြစ်သည့်အတွက် မိမိတို့ဘိုးဘွားဘီဘင်များ၏ ဂုဏ်ကျေးဇူးများကို ရိုသေလေးစားထောက်ထားသောအားဖြင့် မိမိတို့အချင်းချင်း တိုင်းရင်းသားညီအစ်ကို မောင်နှမများဖြစ်သည်ကို ငဲ့ညှာသောအားဖြင့် ညီအစ်ကိုမောင်နှမများအကြား သံသယများဖယ်ရှား၍ စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။    ။