စည်းလုံးညီညွတ်မှုပျက်ပြားခြင်းမှစတင်ခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ယနေ့တိုင် ဆက်လက်တည်ရှိနေခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာစွာ မတည်ဆောက်နိုင်သေးခြင်းတို့က မိမိတို့နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်မှု မပြုနိုင်အောင် အနှောင့်အယှက်၊ အတားအဆီးဖြစ်နေသည်။ ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်းမှု၊ အပြည့်အဝမရှိသေးသမျှ ကာလပတ်လုံး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေဦးမည်ဖြစ်ပြီး ပြည်ထောင်စုသားအားလုံးတို့၏ လူမှုစီးပွားဘဝများမှာလည်း ခက်ခဲစွာရုန်းကန်နေကြရဦးမည်ဖြစ်သည်။
မိမိတို့နိုင်ငံ၏ သမိုင်းကိုပြန်ကြည့်လျှင် နိုင်ငံအတွင်း စည်းလုံးညီညွတ်သည့်ကာလများတွင် နိုင်ငံ့အင်အားတောင့်တင်းခိုင်မာ၍ သာယာဝပြောပြီး စည်းလုံးညီညွတ်မှုလျော့နည်းကာ အင်အားချည့်နဲ့သည့်အခါ တိုင်းတစ်ပါး၏ ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခံခဲ့ရသည့်အဖြစ်မှာ သင်ခန်းစာပင်ဖြစ်သည်။ လက်ရှိမိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများသည် ဒေသများ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေရုံမျှမက ပြည်ထောင်စုကြီး၏ တည်ရှိမှုကိုပါ အန္တရာယ်ဖြစ်ပေါ်စေနိုင်သည်။ နယ်ချဲ့လက်အောက်ခံ ကျွန်နိုင်ငံသားဘဝမှပါလာသည့် သွေးခွဲအုပ်ချုပ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုအမွေဆိုးတို့က မျက်မှောက်ကာလမျိုးဆက်များထဲမှ အချို့အထိ ဆက်လက်ပါရှိနေခြင်းက ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒကို ရှင်သန်နေစေခြင်းလည်းဖြစ်သည်။
ပစ္စက္ခကာလ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးတို့၏ ပကတိလိုအပ်ချက်မှာ ဥပဒေနှင့်အညီ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဘဝဖွံ့ဖြိုးတိုးတက်နိုင်ရေးဖြစ်သည်။ နိုင်ငံတော်အစိုးရကလည်း ပြည်သူလူထု၏ ပကတိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် မြို့ရွာများကို အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ လုယက်ခြင်းများပြုလုပ်ပြီး နယ်မြေဒေသတည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် ပြုလုပ်လျက်ရှိသည်။ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း တည်ငြိမ်မှုပျက်ပြားသည့် အခြေအနေအပေါ် အခွင့်ကောင်းယူကာ နယ်မြေချဲ့ထွင်မှုများ ပြုလုပ်နေကြသည်ကိုလည်း တွေ့ရသည်။ ၎င်းတို့ တိုက်ခိုက်ထိန်းချုပ်သည့် နယ်မြေဒေသများတွင်လည်း လူမျိုးကြီးဝါဒကျင့်သုံးခြင်း၊ လူမျိုးရေးခွဲခြားမှုပြုလုပ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း စသည်တို့ပြုလုပ်နေကြကြောင်း သတင်းများ သိရှိရသည်။ တိုင်းရင်းသားလူမျိုးများစွာ စုပေါင်းနေထိုင်ကြသည့် ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံတွင် မိမိတို့နှင့် လူမျိုးမတူသူများ၊ အယူအဆနှင့် သဘောဆန္ဒမကိုက်ညီသူများကို ရန်သူအဖြစ် သဘောထားကာခွဲခြားဆက်ဆံခြင်း၊ ရန်မူခြင်း၊ ဖယ်ကြဉ်ခြင်းတို့သည် ဒီမိုကရေစီအမူအကျင့်များ မဟုတ်သကဲ့သို့ စည်းလုံးညီညွတ်မှုကိုလည်း ပျက်ပြားစေသည်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုဖြင့် ရယူခဲ့သည့် လွတ်လပ်ရေးမှာ ၇၇ နှစ်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး တိုင်းရင်းသားပြည်သူတို့၏ သွေးစည်းမှုကို အခြေခံသည့် ပြည်ထောင်စုနေ့ အမွေအနှစ်မှာ (၇၈)နှစ်သို့ပင် ရောက်ရှိလာပြီဖြစ်သည်။ ဘိုးဘွားတို့၏အမွေအနှစ်ကို အနာဂတ်ကာလတစ်လျှောက် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်မှာ ပြည်တွင်းအင်အားသည် အဓိကဖြစ်ရာ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုအားကို ခိုင်မာစွာတည်ဆောက်၍ တစ်စိတ်တည်းတစ်ဝမ်းတည်း ကာကွယ်စောင့်ရှောက်ကြရပါမည့်အကြောင်း။ ။