Skip to main content

သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာနှင့် စုပေါင်းရေစက်သွန်းလောင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ပရိဝုဏ်အတွင်း ကျင်းပသည်။

အခမ်းအနားသို့ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီးအား သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြသည်။

ထို့နောက် ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကာ ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် ပင့်သံဃာတော်များအား အလှူရှင်များက ဆွမ်းဆန်စိမ်းလောင်းလှူကြကြောင်း သိရသည်။

သတင်းစဉ်