Skip to main content

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များ ပါဝင်ယှဉ်ပြိုင်လျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၉

MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေး ပြည့်မီသော အဆင့်မီထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အရည်အသွေးပြည့်မီသော ပြည်တွင်း MSME ထုတ်ကုန်အသစ်များ ပေါ်ပေါက်လာစေရေးရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပြပွဲနှင့် ပြိုင်ပွဲကြီးတွင် ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဦးဆောင်ပြီး ပြိုင်ပွဲကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် ၁၆ ၌ ဖေဖော်ဝါရီ ၇ ရက်မှ ၉ ရက်အထိ ကျင်းပလျက်ရှိသည်။

အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသေးစား (Micro) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် ၂၉ ဦး၊ အငယ်စား(small) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် ၃၄ ဦး၊ အလတ်စား(medium) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် ၂၈ ဦး၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် ၃၅ ဦး၊ ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည်ဆုအတွက် သမဝါယမအသင်း ၂၅ သင်း၊ အသေးစားစက်မှုလက်မှုထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် ၄၂ ဦး စုစုပေါင်း ၁၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးအတွက် ဆု ၃၁ ဆု ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရရှိသည့် လုပ်ငန်းရှင်များကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပသည့် တပေါင်းကွင်း၌ ဆုချီးမြှင့်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်