Skip to main content

အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရှိ အထင်ကရနေရာများ ကြည့်ရှုလေ့လာ

နေပြည်တော် ဖေဖော်ဝါရီ ၉

ရန်ကုန်မြို့၌ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

လက်မှတ်ရေးထိုး

မွန်းလွဲပိုင်းတွင် ဧည့်သည်တော်နှင့် အဖွဲ့သည် ကျောက်မျက်ရတနာပြတိုက်သို့ ရောက်ရှိကြရာ ပြတိုက်တာဝန်ရှိသူများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းတစ်တုံးတည်းမှ ထွင်းထုထားသော ဥပ္ပါတသန္တိပုံစံတူကျောက်စိမ်းစေတီတော်၊ မြန်မာ့အကြီးဆုံး ပုလဲရတနာ၊ အရည်အသွေးမြင့် ကျောက်စိမ်းတုံးများ၊ ရှားပါးမြန်မာ့တွင်းထွက်ရတနာများဖြစ်သည့် ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာများကို လိုက်လံရှင်းလင်းပြသကြပြီး ငြိမ်းချမ်းရေးသံတမန်ကြီးက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ဗီဒီယိုမှတ်တမ်းပြသ

ထို့နောက် ဧည့်သည်တော်နှင့် အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်ဝတ္ထုကံတော်အတွင်း တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြရာ တာဝန်ရှိသူများက မော်ကွန်းတိုက်၌ မာရဝိဇယဘုရားကြီးတည်ထားကိုးကွယ်ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ဖူးမြော်ကြည်ညို

ယင်းနောက် ဧည့်သည်တော်နှင့် အဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူဖူးမြော်ကြည်ညိုကြပြီး ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသော အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးနှင့် အဋ္ဌကထာ၊ ဋီကာကျမ်းစာများကို စကျင်ကျောက်များပေါ်၌ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ထွင်းထုတည်ဆောက်ထားသည့် ကျောက်စာရုံစေတီတော်များကို စိတ်ဝင်တစားလေ့လာဖူးမြော် ကြည်ညိုကြသည်။

ဆက်လက်၍ ဧည့်သည်တော်နှင့် အဖွဲ့သည် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း ကပ်လှူပူဇော်၍ အလှူငွေများ လှူဒါန်းကြကာ ရတနာဆင်ဖြူတော်အဆောင်ရှိ ဆင်ဖြူတော်များကို အာဟာရဖြည့်စွက်စာများ ကျွေးမွေးခဲ့ကြသည်။

ဂုဏ်ပြုညစာတည်ခင်း

ညပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား M Gallery Hotel ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းရာဧည့်ခံပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်