နေပြည်တော် အောက်တိုဘာ ၃
လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံချက် (၂၀၂၀ - ၂၀၂၄) အရ ဦးစားပေး လုပ်ငန်းဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်း စီမံချက် ရေးဆွဲအကောင် အထည်ဖော်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့က တာဝန် ရှိသူများနှင့် မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဝင် လူငယ်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူငယ် ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး မူဝါဒဆိုင်ရာ မဟာဗျူဟာ (၂၀၂၀ - ၂၀၂၄)ကို အတည်ပြုပြီးဖြစ်၍ လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် လာမည့်ဘတ်ဂျက်တွင် စတင် အကောင်အထည်ဖော်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကို ရင်ဆိုင်ကျော်လွှားဆဲကာလမှာပင် ကိုဗစ်-၁၉ နှင့် ယှဉ်တွဲပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင်လည်း ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုမဟာဗျူဟာကို အကောင်အထည်ဖော်ရန် လူငယ်များ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လူငယ်ရေးရာ ကော်မတီများအနေဖြင့် အဆင့်ဆင့်ဆောင်ရွက် နေကြပါကြောင်း၊ အကောင်အထည်ဖော်သည့်နေရာတွင် အဓိက တာဝန်ရှိသည့် ပြည်ထောင်စုဝန်ကြီးဌာန (၃)ခု သာမက ဆက်စပ်ဝန်ကြီးဌာနများ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ယခင်က မူဝါဒရေးဆွဲရေး၊ မဟာဗျူဟာရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ သက်ဆိုင်ရာဌာနများအပြင် လူမှုအဖွဲ့အစည်းများ၊ ပညာရှင် များပါဝင်ရန် လိုပါကြောင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့များလည်း ပါဝင်ရန်လိုပါကြောင်း၊ မဟာဗျူဟာတွင် လုပ်ငန်းစဉ် (၁၆) ရပ်ရှိရာ လက်ရှိ ကိုဗစ်-၁၉ နှင့်ယှဉ်ပြီး ဆောင်ရွက်နိုင်သည့်ကဏ္ဍကို ဦးစားပေး ရွေးချယ်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် မျိုးဆက်သစ် လူငယ်များကို လေ့ကျင့်ပြုစုပျိုးထောင်ရန်လိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ပါဝင်မှုသည် အရေးကြီးသည်ကို ဖော်ပြလိုပါကြောင်း။
မဟာဗျူဟာအနေဖြင့် ချမှတ်ရာတွင် ကဏ္ဍ (၁) ခု တည်းကို မဟာဗျူဟာ (၆) ရပ် ချမှတ်ထားပါကြောင်း၊ မဟာဗျူဟာ(၁) သည် လူ့အခွင့်အရေးတန်ဖိုးများ၊ ဒီမိုကရေစီ စံနှုန်းများနှင့် ဖက်ဒရယ်သဘောတရားများကို အခြေခံထား သည့် ပြည်သူ့နီတိသင်ရိုးနှင့် သင်ကြားမှုပုံစံသတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပညာရေး၏ ရေရှည်သင်ခန်းစာတွင် ထည့်ရန်ဖြစ်ပါကြောင်း။
မဟာဗျူဟာ (၂)သည် သင်ကြားပေးရန်ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်နိုင်ရသည်မှာ ကျောင်းပြင်ပ လူငယ်များကို သင်တန်းပေးခြင်းဖြစ်ပါကြောင်း၊ အိမ်မှာနေပြီး အကျိုးရှိအောင် လေ့ကျင့်သင်တန်းများ ပေးရပါကြောင်း၊ ရပ်ကွက် ကျေးရွာက လူငယ်များအထိရောက်ရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာ ကော်မတီများနှင့် ပေါင်းစပ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
မဟာဗျူဟာ (၃) သည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကဏ္ဍစုံမှ စံပြလူငယ်များ ပေါ်ထွက်လာ နိုင်စေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာ ကော်မတီများက ဦးဆောင်ပြီး တိုင်းရင်းသား ဒေသများအားလုံးပါဝင်နိုင်ရန် ပံ့ပိုးပေးသွားရမည်ဖြစ် ကြောင်း၊ ဒီမိုကရေစီစံနှုန်းများကို ပြည်သူအများသိရှိစေရန်အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အွန်လိုင်း စနစ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ပါကြောင်း၊ နည်းပညာပံ့ပိုးမှုများလည်း လိုအပ်မည် ဖြစ်ကြောင်း။
မဟာဗျူဟာ (၄) သည် လူငယ်များက လူငယ်အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အစီအစဉ်များ ဖော်ထုတ်ပေးရမည်ဖြစ်ကြောင်း။
မဟာဗျူဟာ(၅)သည် လူငယ်များ ပရဟိတလုပ်ငန်း များတွင်ပါဝင်ရန် အစီအစဉ်များကို ချမှတ်ပေးရန် ဖြစ်ကြောင်း၊ ယင်းကဏ္ဍအတွက် အထူးအထွေပြောနေစရာ မလိုပါကြောင်း၊ မြန်မာနိုင်ငံလူငယ်များ အနေဖြင့် လက်ရှိ လူငယ်များ ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်နေခြင်း ဖြစ်ပါကြောင်း။
မဟာဗျူဟာ(၆)သည် ဝန်ထမ်းလူငယ်များ၏ အလုပ်နှင့်ပတ်သက်ပြီး တက်ကြွစွာ ဆောင်ရွက်လိုစိတ် ရှိလာအောင်၊ ဒီမိုကရေစီစံနှုန်းများ၊ ဖက်ဒရယ်သဘောတရားများကို သိရှိနားလည်ပြီး အဂတိ ကင်းရှင်းစွာ လုပ်ငန်းခွင်အတွင်း အလေ့အကျင့်ကောင်းများကို လက်ဆင့်ကမ်းပေးမည့် အစီအစဉ် များကို ဖော်ထုတ်ရန်ဖြစ်ပါကြောင်းနှင့် အဆိုပါ မဟာဗျူဟာ(၆) ရပ်ကို အကောင်အထည် ဖော်ရန် ယခု တက်ရောက်လာကြသော ဖိတ်ကြားထားသူများ၊ တာဝန်ရှိသူ များနှင့် မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဝင်များကို ဆွေးနွေးပေးရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လူငယ်ဆိုင်ရာကဏ္ဍကြီး (၁၆) ရပ်အနက်မှ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ ကဏ္ဍကို ဦးစားပေးဆောင်ရွက်ရန် ရွေးချယ်ထားသည့် အတွက် လုပ်ငန်းစဉ်များ ချမှတ်ရန်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု ဆိုင်ရာကဏ္ဍတွင် အကောင်အထည်ဖော်နေသည့်ဌာနများ အနေဖြင့်လည်း အကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားပြီး ၂၀၂၀ - ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်များက လုပ်ငန်းများအပေါ် ဘဏ္ဍာငွေ လျာထားမှု၊ သုံးစွဲနိုင်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ လူငယ်ရေးရာ ကိစ္စရပ်များအတွက် အချိန်ကာလ သတ်မှတ်၍ ဆောင်ရွက် မည့်အစီအစဉ်များနှင့် လုပ်ငန်းစီမံချက်မူကြမ်းနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသော ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဝင် လူငယ်များက အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) အရ ဦးစားပေးလုပ်ငန်းဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲ အကောင် အထည်ဖော် နိုင်ရေးအတွက် အကြံပြုညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်