နေပြည်တော် ဖေဖော်ဝါရီ ၈
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော်ဥပ္ပါတ သန္တိစေတီတော်တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့်စက်မှုလုပ်ငန်းများ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချသွားမည့်အပြင် ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထုတ်ကုန်များပါဝင်ပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသိရှိနိုင်ရန် တွေ့ဆုံမေးမြန်းရေးသားတင်ပြလိုက်ရပါသည်-
ဦးမင်းဇော်သန်း
အေးသာယာ ဝိုင်ထုတ်လုပ်ရေးလုပ်ငန်း ရှမ်းပြည်နယ် MSME ထုတ်ကုန်ပြခန်း
ကျွန်တော်တို့ ပြည်နယ်ကထွက်ရှိတဲ့ စပျစ်ကိုအခြေခံပြီး ဝိုင်ထုတ်လုပ်တဲ့လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးလုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က ပြည်ပသွင်းကုန်အစားထိုး ကုန်ပစ္စည်းအနေနဲ့ ထုတ်လုပ်နိုင်အောင်ဖြစ်ပါတယ်။ အခုကတော့ ပြည်တွင်းမှာ တစ်နိုင်ငံလုံးဖြန့်ချိနေပါတယ်။ ဝိုင်ကို ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းအမှတ်တံဆိပ်တစ်ခုအဖြစ် ကြိုးစားရာမှာ ပြည်တွင်းကုန်ကြမ်းကို အခြေခံအသုံးပြုရတာဖြစ်ပါတယ်။ ဒါပေမယ့် ဝိုင်အဖြစ်ထုတ်လုပ်တဲ့လုပ်ငန်းစဉ်မှာ အသုံးပြုတဲ့ chemical ကုန်ကြမ်းတွေကို ပြည်ပကသွင်းရတာတော့ရှိပါတယ်။ ကျွန်တော်တို့လုပ်ငန်းက ရာသီအချိန်အခါနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် လိုအပ်တဲ့ chemical ကုန်ကြမ်းကို လိုအပ်တဲ့အချိန် ရရှိနိုင်ရေးက အဓိကကျသွားပါတယ်။ ဒီအပိုင်းလေးတွေ အဆင်ပြေသွားရင် ကျွန်တော်တို့အနေနဲ့ပိုပြီးဆောင် ရွက်နိုင်မှာဖြစ်ပါတယ်။ အခုအချိန်မှာ နိုင်ငံတော်အနေနဲ့ ကျွန်တော်တို့လို MSME လုပ်ငန်းတွေအတွက် လိုအပ်တဲ့ကဏ္ဍတိုင်းကို အားပေးမြှင့်တင်ပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဦးမျိုးသီဟ
Project Manager ၊ Precision Auto Engineering Company Limited ကရင်ပြည်နယ် MSME ထုတ်ကုန်ပြခန်း
ကရင်ပြည်နယ် ဘားအံစက်မှု ဇုန်မှာ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံထုတ် Bajaj အမှတ်တံဆိပ် လူစီးသုံးဘီးယာဉ်တွေ ပါဝင်ပြသတာဖြစ်ပါတယ်။ ဒီသုံးဘီးယာဉ်တွေ က ဆီစားနှုန်းသက်သာပြီး လုံခြုံမှုရှိတယ်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ အခြေခံလူတန်းစားတွေ လူနေမှုဘဝမြှင့်တင်ရေးတို့အတွက် ခေါက်တိုသယ်ယူ ပို့ဆောင်မှုအခန်းကဏ္ဍမှာ သင့်လျော်ပြီး ဘေးကင်းလုံခြုံစိတ်ချရတဲ့အတွက် ဝယ်ယူသုံးစွဲသူရော၊ စီးနင်းသူများပါ အထူးကြိုက်နှစ်သက်ကြတယ်။ လက်ရှိပြည်တွင်းမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာပြည်အနှံ့မှာ လက်ငင်းစနစ်အပြင် အရစ်ကျစနစ်နဲ့ပါ ရောင်းချပေးလျက်ရှိပြီးတော့ ယာဉ်အပြင် အပိုပစ္စည်းတွေကိုပါ လုံလောက်စွာ ဝန်ဆောင်မှုအပြည့်နဲ့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ ယာဉ်အတွက် Km-20000 အာမခံ after sale service ပေးထားပြီးတော့ အရင်းအနှီးအနည်းငယ်နဲ့ ကိုယ်ပိုင်လုပ်ငန်းသစ်တစ်ခု ထူထောင်လိုသူတွေအတွက် မိသားစုဝင်ငွေ ပုံမှန်ရရှိအောင် အထောက်အကူပြုပါတယ်။ ပြီးတော့ Bajaj EV (လျှပ်စစ်သုံး) လူစီးသုံးဘီးယာဉ်နဲ့ ဆိုင်ကယ်တွေကိုပါ နိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်ဖို့ EV စက်ရုံကိုလည်း ကရင်ပြည်နယ်ဘားအံစက်မှုဇုန်မှာ စက်ရုံတည်ဆောက် ဆောင်ရွက်နေပြီဖြစ်ပြီးတော့ အခုနှစ်မတ်လအတွင်းမှာ တစ်နိုင်ငံလုံး ဖြန့်ဖြူးရောင်းချပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ထုတ်ကုန်ကို အခုလိုပြည်ထောင်စုနေ့ပြပွဲရဲ့ ကရင်ပြည်နယ်ကိုယ်စားပြု MSME ထုတ်ကုန်ပြခန်းမှာ ပြသရောင်းချခွင့်ပေးတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ကို အထူးကျေးဇူးတင်ရှိပါတယ်။
ဒေါ်ခင်သက်မော်
ဒုတိယဥက္ကဋ္ဌ၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ အသင်းပြခန်း
ဒီပြပွဲမှာ ကျွန်မတို့အသင်းအနေနဲ့ ပြခန်းပြသလို ကျွန်မအနေနဲ့ MSME ပြိုင်ပွဲမှာ ဒိုင်အဖွဲ့ဝင်အနေနဲ့ပါဝင်ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ MSME တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီသွားမှာဖြစ်ပါတယ်။ ဒီလို ပြပွဲပြိုင်ပွဲတွေမှာပါဝင်တဲ့ MSME လုပ်ငန်းတွေအနေနဲ့ ကိုယ့်ရဲ့ထုတ်ကုန်တွေကို ဈေးကွက်ပိုရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်တဲ့အပြင် လုပ်ငန်းရှင်အနေနဲ့ ကြိုးစားဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကိုလည်း သက်ဆိုင်ရာဌာနတွေနဲ့ တင်ပြဆွေးနွေးနိုင်မှာလည်းဖြစ်ပါတယ်။ ပြီးတော့ MSME တွေ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့နည်းပညာနဲ့ စက်ပစ္စည်းတွေပံ့ပိုးခြင်း၊ သက်ဆိုင်ရာ certificate တွေရရှိနိုင်ဖို့ ကူညီပေးခြင်းနဲ့ အလားအလာရှိတဲ့ MSME တွေကို ရင်းနှီးငွေပံ့ပိုးပေးခြင်းစတဲ့ ကိစ္စရပ်တွေကိုပါ ပိုမိုဆောင်ရွက်ပေးနိုင်ရင်တော့ MSME လုပ်ငန်းငယ်တွေက ပြည်တွင်းကနေ နိုင်ငံတကာဈေးကွက်အထိ လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။