Skip to main content

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် အောက်တိုဘာ ၃

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမြင့်ခိုင် (ခ) စူကျားခိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တစ်ဆင့် ပေးပို့လာပါသည်။

အဆိုပါ ဟောပြောချက်စာမူ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) ပါတီ၏ မူဝါဒများ။

၁။ ပြည်ထောင်စုထာဝရတည်တံ့ခိုင်မြဲရေးကို ဦးတည်ပါသည်။

၂။ တိုင်းရင်းသားလူမျိုးစုများ အားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံး အစဉ်အမြဲ အပြန်အလှန် လေးစားကြပြီး ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် အတူတကွ နေထိုင်သွားအောင် ဦးတည်ပါသည်။

၃။ အချုပ်အခြာအာဏာသည် တိုင်းရင်းသားလူမျိုးစုများနှင့် ပြည်သူလူထု တစ်ရပ်လုံးထံ အမြဲတည်ရှိ၍ ၎င်းတို့ကသာ အချုပ်အခြာအာဏာသုံးရပ် တို့၏ ပိုင်ရှင်အစစ်ဖြစ်သည်။

၄။ လူထုကိုအခြေပြုသော ပါတီစုံဒီမိုကရေစီစနစ် အမှန်ပေါ်ထွန်းလာရေး နှင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသမ္မတနိုင်ငံတော် တည်ဆောက်ရေး စသည်တို့ကို ဦးတည်ရည်ရွယ်သည်။

၅။ တိုင်းရင်းသားလူမျိုးစုများ အားလုံးနှင့်တကွ ပြည်သူလူထုတစ်ရပ်လုံးတို့ အတွက် “တန်းတူညီမျှမှု (EQUALITY)၊ တရားမျှတမှု (JUSTICE)၊ လွတ်လပ်မှု (FREEDOM)၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အမှန် တကယ်ရရှိခံစား လာနိုင်အောင် ကျွန်ုပ်တို့ပါတီက ဦးတည်ရည်ရွယ် သည်။

၆။ ကျွန်ုပ်တို့ပါတီသည် “ပြည်သူလူထုအတွက် (FOR THE PEOPLE)၊ ပြည်သူလူထုထံမှ (FROM THE PEOPLE)၊ ပြည်သူလူထုထံသို့ (TO THE PEOPLE) နှင့် ပြည်သူ့အကျိုးရှေးရှုလုပ်ဆောင်မည်စသည်တို့ကို ဦးထိပ်ထားသော ပါတီဖြစ်ပါသည်။

၇။ မည်သူ မည်သည့်အဖွဲ့အစည်းမဆို တရားဥပဒေ၏အထက်၌ မရှိစေရ၊ လူတိုင်းသည်တရားဥပဒေ၏ ရှေ့တွင် တန်းတူမှု ရှိရမည်။ လူတိုင်းသည် တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုရှိစေပြီး တရားဥပဒေကို ရိုသေလေးစား လိုက်နာဆောင်ရွက်ရမည်။

၈။ နိုင်ငံသူနိုင်ငံသားတိုင်းသည် ဘာသာရေးကို လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်ရှိရမည်။ လူမျိုး၊ ဘာသာ အသားအရောင်မတူသူများအပေါ် မုန်းတီးခွဲခြားဆက်ဆံခြင်း မပြုလုပ်ရ၊ ကျား/မ တန်းတူရေးနှင့်တစ်လင် တစ်မယား စနစ်ကိုလည်း ထွန်းကားရန်ဦးတည်ပါသည်။

၉။ တောင်သူလယ်သမားနှင့်ပတ်သက်ရင် “လယ်လုပ်သူတိုင်း လယ်ပိုင်ရှိရ မည်၊ ယာလုပ်သူတိုင်း ယာပိုင်ရှိရမည် ဆိုသည့်ဆောင်ပုဒ်အတိုင်း လယ်ယာခြံမြေများကို လက်ဝါးကြီးအုပ်သည့်စနစ် ပပျောက်သွားအောင် ဦးတည်ဆောင်ရွက်နိုင်မှသာ ယနေ့မိမိတို့၏ လယ်ယာခြံမြေဆုံးရှုံး၍ မတတ်နိုင်သည့် နောက်ဆုံး နိုင်ငံခြားများသို့ သန်းပေါင်းများစွာ သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ဆင်းရဲဒုက္ခများကို ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။

၁၀။ ၂၀၀၈ - ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပေးထားခဲ့သော “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း တို့တွင် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် (SELF-ADMINISTRATION RIGHT) နှင့် ကိုယ်ပိုင် ဆုံးဖြတ်ခွင့် (SELF-DETERMINATION RIGHT)တို့ကို လက်တွေ့အမှန် ရရှိလာအောင် အကောင်အထည်ဖော်ပေးကြပါရန် ဦးတည် လိုလားနေပါ သည်။

၁၁။ ကမ္ဘာ့နိုင်ငံများ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် “ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်း နေထိုင်ရေး ဆိုသည့်မူကို လည်း ဦးတည်နေပါသည်။

၁၂။ မူးယစ်ဆေးဝါးမှန်သမျှ တိုက်ဖျက်ရေးကိုလည်း အမြဲဦးတည်ပါသည်။

(ခ) ပါတီ၏လုပ်ငန်းစဉ်များ

၁။ “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရ၊ ကမ္ဘာ့အစိုးရများ INGO နှင့် NGO အဖွဲ့အစည်းများမှ အကူအညီ ရယူနိုင်ပါက ရယူလျက် “သာယာလှပသောကမ္ဘာမြေကြီးကို မပျက်စီး ရအောင် ကျွန်ုပ်တို့ပါတီက မိမိတို့တတ်နိုင်သလောက် စဉ်ဆက် မပြတ် ကြိုးစားလုပ်ကိုင်သွားမည်။

၂။ ပြည်ထောင်စုအတွင်းရှိ သမိုင်းဝင်ပစ္စည်းများ၊ အဆောက်အဦများ၊ စေတီဘုရားကျောင်းကန်များ၊ တောရိုင်းကျေးငှက် သတ္တဝါများ၊ သစ်တော များ ပျက်စီးပျောက်ကွယ်မသွားအောင် ကျွန်ုပ်တို့ ပါတီဝင်များက တတ်နိုင်သလောက် ကာကွယ်စောင့်ရှောက်နေပါသည်။ အထူးသဖြင့် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ဘုရားကျောင်း များနှင့် ဒုတိယကမ္ဘာစစ်အတွင်း ယနေ့ ပြည်ထောင်စု၏ တစ်စိတ် တစ်ပိုင်းဖြစ်သော ကျွန်ုပ်တို့ ကိုးကန့်ဒေသတွင် အသက်ပေါင်း (၂၀၀) ခန့် ပေးဆပ်ခဲ့ပြီး ဖက်ဆစ် ဂျပန်ကို တိုက်ခိုက်ကျဆုံးခဲ့သည့် ကိုးကန့်တိုင်းရင်းသား စစ်သည် တော်များအား ရည်စူး၍ ယနေ့ “တာရွှေထန် ဈေးအထက် မားမားမတ်မတ် ရပ်တည်လျက်ရှိသည့် “အမှတ်တရကျောက်တိုင် ကို ပျက်စီးပျောက်ကွယ်မသွားအောင် နိုင်ငံတော်အစိုးရ၏ ကူညီ ထောက်ပံ့မှုကိုယူပြီး ပြုပြင်ထိန်းသိမ်းသွားမည် ဖြစ်ပါသည်။

၃။ ကိုးကန့်ဒေသအပါအဝင် ပြည်ထောင်စုတစ်ခုလုံး၏ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်လျက် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက် ရယူကာ ယနေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော “ONE BELT ONE ROAD ၊ ရပ်ဝန်းတစ်ခုလမ်းကြောင်း တစ်ခု ကမ္ဘာ့စီးပွားဖွံ့ဖြိုးမှု စီမံကိန်းကြီးမှ ပြည်ထောင်စုတစ်ခုလုံး အတွက် အပြုသဘောဆောင်သော၊ ကိုယ့်ဘက်သူ့ဘက် အကျိုးစီးပွား ရှိနိုင်သောလုပ်ငန်းများ ဖြစ်ထွန်းလာနိုင်အောင် ကျွန်ုပ်တို့ပါတီမှ ဥပဒေဘောင်အတွင်းမှ တတ်စွမ်းသလောက် ကြိုးစားဆောင်ရွက် နေပါသည်။

နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်ကြီး အမြန်ဖွံ့ဖြိုးတိုးတက်ကာ အေးချမ်း သာယာပြီး နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သပြီး နိဂုံးချုပ်တင်ပြအပ်ပါသည်။