Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ၌ အားကစားလေ့ကျင့်နေမှုများ ကြည့်ရှုစစ်ဆေးပြီး စံချိန်ကောင်းများရရှိအောင် လေ့ကျင့်ရန်မှာကြား

တောင်ကြီး ဖေဖော်ဝါရီ ၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးစဉ် သင်တန်းသားသင်တန်းသူများ စားသောက်ရန်ချက်ပြုတ်ပြင်ဆင်မှု၊ စတိုခန်းအတွင်းပစ္စည်းများ သိုလှောင်ထိန်းသိမ်းမှု၊ နေ့စဉ် Menu ဇယားရေးဆွဲ၍ ချက်ပြုတ်ကျွေးမွေးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ထားသောနှုန်းထားအတိုင်း ပြည့်ဝစွာချက်ပြုတ်ကျွေးမွေးရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ်ကျွေးမွေးခြင်း ရှိ/မရှိအား တာဝန်ခံဆရာဝန်နှင့် တာဝန်ရှိသူများက နေ့စဉ်အလှည့်ကျစစ်ဆေး၍ နေ့စဉ်စစ်ဆေးချက်မှတ်တမ်းထားရှိ ဆောင်ရွက်ရန်မှာကြားပြီး သင်တန်းသားသင်တန်းသူများနှင့် နေ့လယ်စာအတူစားသုံးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအုပ်ချုပ်မှုရုံး အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးနှင့် အားကစားနည်းအလိုက် တာဝန်ခံများအား တွေ့ဆုံအမှာစကားပြောကြားရာ ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန်လိုအပ်ကြောင်း၊ အထူးသဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိများဖြင့် အလေးအနက်ထားဂရုပြု၍ မိမိတို့လုပ်ငန်းဆောင်တာများကို အစဉ်အမြဲဂရု ပြုမူလှုပ်ရှားဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုက်ကွမ်ဒိုအားကစားရုံ၌ တိုက်ကွမ်ဒိုအားကစားနည်းနှင့် ဂျူဒိုအားကစားနည်းလေ့ကျင့်နေမှု၊ မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းအတွင်း အမျိုးသား အမျိုးသမီးဘောလုံးအားကစားသမားများနှင့် ပြေးခုန်ပစ်အားကစားသမားများ လေ့ကျင့်နေမှု၊ လက်ဝှေ့အားကစားရုံ၌ လက်ဝှေ့အားကစားသမားများ လေ့ကျင့်နေမှု၊ လေ့ကျင့်ရေးရေကူးကန်၌ ရေကူးအားကစားသမားများလေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးစဉ် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအလိုက် ပြိုင်ပွဲများကျင်းပရန်ရှိသဖြင့် အားကစားနည်းအလိုက် စံချိန်ကောင်းများရရှိအောင် လေ့ကျင့်ရန်နှင့် ကျောင်းအုပ်ကြီးအပါအဝင် တာဝန်ရှိသူများအားလုံး အားကစားနည်းများအလိုက် အခြေခံသဘောတရား၊ ဥပဒေသများကို ကိုယ်တိုင်သိရှိနားလည်၍ စံပြနေထိုင်လုပ်ကိုင်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

 ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ၌ အားကစားနည်း ခုနစ်နည်း၊ သင်တန်းသားသင်တန်းသူ ၁၅၉ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်