Skip to main content

ကာကွယ်ဆေးခရီးလမ်းနှင့် ကာကွယ်ရေးနည်းလမ်း

ယနေ့ ကမ္ဘာကြီးက အတုအပ ပိုမိုပေါများလာ၏။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းစုံ အစရှိသည့် နယ်ပယ်အသီးသီးတွင်ဖြစ်၏။ နိုင်ငံရေးသမားအတု၊ စာရေးဆရာ အတု၊ကဗျာဆရာအတု၊ အင်ဂျင်နီယာအတု၊ ပါရဂူအတု၊ ကျောင်းဆရာ အတု၊ ဆရာဝန်အတု၊ ပညာရှင်အတု၊ သူဌေးအတု စသည်ဖြင့် စုံလှ၏။ စီးပွားရေးနယ်ပယ်က အတုအပတို့ကမူ သူမတူအောင် များပြားပါ၏။

သည်လိုထဲတွင် အဝတ်အစားအသုံးအဆောင် နာမည်ကျော် တံဆိပ်မျိုးစုံတို့ကို အတုအပပြုကာ ထုတ်လုပ်ရောင်းချခြင်းတို့က လူသိများ၏။ အတုအပတို့က ပိုမိုဈေးသက်သာသည့် အားလျော်စွာ အတုမှန်းသိလျက် သုံးနေကြသူတို့ကလည်း အများအပြားရှိနေ၏။

မည်သို့ပင်ဖြစ်စေ အတုအပများထဲတွင် အစားအစာအတုနှင့် ဆေးဝါးအတုတို့ကမူ လူသတ်နေသော အတုများဟု ဆိုရပါမည်။ ထိုထိုသော အတုများကြောင့် နေ့စဉ်နေ့တိုင်း သေဆုံးနေသူများက ကမ္ဘာ့နိုင်ငံအများအပြားတွင် ရှိနေသည်။ ထို့ကြောင့် အတုတကာထဲတွင် အဆိုးရွားဆုံးက ဆေးဝါးအတုများပင်ဖြစ်သည်ဟု ယူဆပါသည်။

မကျန်းမာဖြစ်ရသူများသည် ဆေးဝါးစုံကို အားကိုးတကြီးဖြင့် ဝယ်ယူသုံးစွဲကြရ၏။ ထိုဆေးဝါးတို့က အတုအယောင်များဖြစ်နေ သည့်အခါ ငွေကုန်၊ ရောဂါမသက်သာရုံမက ရောဂါပိုမိုဆိုးရွား ထိခိုက် လာတော့၏။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်တွင် ငယ်ရွယ်သူ ကလေးငယ် နှစ်သိန်းခွဲကျော် ဆေးဝါးအတုများကြောင့် သေဆုံးနေရသည်ဟု သတင်းများက ဖော်ပြနေ၏။

နာမကျန်းဖြစ်နေသူများ၊ ရောဂါသည်များအဖို့ ဆေးဝါးအကူ အညီသည်သာ အားထားမှီခိုရာဖြစ်ပေရာ လက်လှမ်းမီရာ ဆေးဝါး တို့ကို အားကိုးတကြီး ဝယ်ယူသုံးစွဲရ၏။ ဆေးဝါးအတုအယောင် ထုတ်လုပ်သူတို့က ဆေးဝါးအရေးတကြီး လိုအပ်နေသူတို့၏ အခက် အခဲကို အခွင့်ကောင်းယူကာ စီးပွားရှာ၏။ အလွန်စက်ဆုပ်ရွံရှာဖွယ် အမြတ်ထုတ်မှုသာတည်း။ အလွန်ဆိုးရွား ရက်စက်လွန်းသည့် မသမာမှုသာတည်း။

ယနေ့ကာလ ကိုဗစ်ကပ်ရောဂါက ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်နေ၏။ သန်းပေါင်းများစွာသောလူတို့ ရောဂါကူးစက်ခံနေရပြီး သန်းနှင့်ချီသောသူများကို လက်လွတ်ဆုံးရှုံးခဲ့ရ၏။ ဆက်လက်၍လည်း ရောဂါပိုးကူးစက်ပြန့်ပွားနေမှုက နေ့စဉ်တိုးမြင့်နေဆဲ။ ထို အကျပ်အတည်း ထိုပြဿနာကို ဖြေရှင်းနိုင်ရန် အလို့ငှာ နိုင်ငံတကာ က ဆေးဘက်ဆိုင်ရာ ပညာရှင်များက ကိုဗစ် ကုသဆေးဝါးများ၊ ကိုဗစ်ကာကွယ်ဆေးဝါးများကို အပြင်းအထန်ဆိုသလို သုတေသနပြု စမ်းသပ်ရှာဖွေ ဖော်ထုတ်နေ ကြ၏။ စမ်းသပ်ရှာဖွေမှုသည် အောင်မြင်မှုများရနေပြီ၊ ကာကွယ်ဆေးစတင်တွေ့ရှိနေပြီဟု သိရ သော်လည်း အများပြည်သူအမှန်တကယ် သုံးစွဲနိုင်သည့်အဆင့်သို့ မရောက်သေး။

ကာကွယ်ဆေးကို စတင်အသုံးပြုနိုင်ရန်မှာ တွေ့ရှိထားသည့် ဆေးသည် ကိုဗစ်ရောဂါကို အမှန်တကယ် ကာကွယ်နိုင်သော အာနိသင် ရှိမရှိ ဆိုသည်ကိုလည်းကောင်း၊ ကာကွယ်ရန် လုံလောက် သည့် ပဋိပစ္စည်းထုတ်လုပ်ပေးနိုင်ရန် လှုံ့ဆော်ပေးနိုင်စွမ်းရှိ မရှိသည် လည်းကောင်း၊ ဘေးထွက်ဆိုးကျိုးမရှိ အန္တရာယ်ကင်းစင် လုံခြုံစိတ်ချ ရမှု ရှိမရှိသည်လည်းကောင်း၊ ကာကွယ်ဆေးထိုးပြီးသည်၏နောက် တွင် ရောဂါပိုးဒဏ်က မည်မျှကြာအောင် ကာကွယ်ပေးနိုင်မည်လဲ ဆိုသည့် အချိန်ကာလသည်လည်းကောင်း၊ ကာကွယ်ဆေး အသုံးပြုရမည့် ပမာဏနှင့် အကြိမ်အရေအတွက်သည် လည်းကောင်း၊ ဓာတ်ခွဲ စမ်းသပ်ခန်းပြင်ပ လက်တွေ့လောကတွင် ထိရောက်အောင် ကာကွယ်နိုင်သည့် အစွမ်းအာနိသင် ရှိမရှိသည်လည်းကောင်း စသည်တို့ကို ပြည့်ပြည့်စုံစုံ သိရှိရန်လိုအပ်ပါသည်။

စမ်းသပ်စစ်ဆေးရာတွင်လည်း ဓာတ်ခွဲခန်းတွင် တိရစ္ဆာန်များ နှင့် စမ်းသပ်ခြင်း၊ ထို့နောက် လူများဖြင့် စနစ်တကျလက်တွေ့စမ်းသပ် သုတေသနပြုခြင်း၊ ပြီးမှ ကာကွယ်ဆေးကို လက်တွေ့ လောကတွင် အသုံးပြုရန် ရောင်းချပြီးသည့်နောက် ဆက်လက်စောင့်ကြပ်ကြည့်ရှု လေ့လာနေခြင်းတို့ကို စနစ်တကျ ပြုလုပ်ရပါသည်။

ယင်းသို့ စနစ်တကျ အဆင့်ဆင့် ဖြတ်သန်းရပါသည်။ ယခုအခါ ကာကွယ်ဆေးပေါ်နေပြီ၊ ပြင်ပဈေးကွက်တွင် ရောင်းချနေပြီဆိုသည် တို့မှာ အစစ်အမှန်မဖြစ်နိုင်ပြီ။ ယနေ့အချိန်ထိ မည်သည့်နိုင်ငံ မည်သည့်ဆေး ထုတ်လုပ်ရေးလုပ်ငန်းကမှ ကာကွယ်ဆေး ထုတ်လုပ်မှု ပြီးမြောက်ခြင်း မရှိသေးပါ။

ကာကွယ်ဆေးမတွေ့သေးသည့်အတွက် ကာကွယ်ရေးနည်းလမ်း များကို တိတိကျကျ လိုက်နာကြရန် ဖြစ်ပါသည်။ အိမ်တွင်းနေ၊ လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် မကြာခဏ စနစ်တကျဆေးကြော၊ လူချင်းခွာခွာနေ၊ မျက်နှာဖုံး နှာခေါင်းစည်း တပ်ဆင်ကြရန်သာ။

လူအပေါင်းတို့သည် ကိုဗစ်ရောဂါ၏ခြိမ်းခြောက်မှုကလွတ်မြောက် ရန်အတွက် ကာကွယ်ဆေးကို အထူးငံ့လင့်နေကြသည်ဖြစ်ရာ သေချာ စိတ်ချရသော ဆေးမပေါ်သေးချိန်တွင် ဈေးကွက်တင်နေသူများ နှင့် ဆေးအတုပြုလုပ်ရောင်းချသူတို့၏ အန္တရာယ်ကို သတိပြုကြရန် လိုအပ်ပါကြောင်း နှိုးဆော်လိုက်ရပါသည်။ ။