Skip to main content

အခုလိုပြပွဲကျင်းပပေးတော့ တစ်နိုင်ငံလုံးက တစ်နေရာတည်းမှာ စုစည်းပြီး လုပ်ငန်းအတွက် လိုအပ်တာတွေ ဖလှယ်ခွင့်ရတယ် - ဒေါ်မိုးသူဇာ

နေပြည်တော် ဖေဖော်ဝါရီ ၇

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းထုတ်ကုန်များ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချသွားမည့်အပြင် ဂီတဖျော်ဖြေပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

ထို့ကြောင့် ပြပွဲအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူစားသုံးနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ထုတ်ကုန်များ ပါဝင်ပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသိရှိနိုင်ရန် တွေ့ဆုံမေးမြန်းရေးသားတင်ပြလိုက်ရပါသည် -

ဒေါ်နန်းလင်းဟွမ်

Commercial Director ၊ Pounamu Bamboo Design & Construction

ရှမ်းပြည်နယ် MSME ထုတ်ကုန်ပြခန်း

ကျွန်မတို့အနေနဲ့ ဝါးဒီဇိုင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ဆောင်ရွက်နေတာ သက်တမ်း ၉ နှစ်ရှိပါပြီ။ ဝါးပရိဘောဂတွေ ထုတ်လုပ်တာကတော့ လေးနှစ်လောက်ပဲ ရှိပါတယ်။ ကျွန်မတို့ ဝါးတွေဟာ ကြာရှည်ခံပါတယ်။ ပိုးမထိုးအောင်ပေါင်းပြီး အသုံးပြုဆောင်ရွက်တာဖြစ်ပါတယ်။ indoor သုံးပစ္စည်းတွေဆိုရင် နှစ်ပေါင်းအတော်ကြာ သုံးစွဲနိုင်ပါတယ်။ ကျွန်မတို့ Bamboo design and construction နဲ့ Furniture & Decors Products တွေကိုပဲ အဓိက ထုတ်လုပ်တာ ဖြစ်ပါတယ်။ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေရဲ့လက်ရာ၊ အရည်အသွေးတွေကို အကောင်းမွန်ဆုံးနဲ့ နိုင်ငံခြားစျေးကွက်ကို တင်ပို့ရောင်းချနိုင်တဲ့အဆင့်အထိ စနစ်တကျထုတ်လုပ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ ဈေးကွက်ခိုင်ခိုင်မာမာရရှိဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ အခုလို ပြပွဲတွေကျင်းပပြီး ပြသခွင့်ရတော့ အထောက်အကူများစွာ ရရှိပါတယ်။

ပစ္စည်းတွေကို အရည်အသွေးကောင်းကောင်းနဲ့ ထုတ်တယ်။ ဒီလိုထုတ်လုပ်နိုင်ပေမယ့် ဘယ်လိုစပြီး စျေးကွက်ဖောက်ရမလဲဆိုတာ စဉ်းစားလို့မရဘူး။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ အားပေးမှုကြောင့် ဒီပွဲမှာ လာပြသခွင့်ရပြီး ကျွန်မတို့ Product ကို လူသိလာမယ်။ စျေးကွက်ချိတ်ဆက်မှုတွေလည်း ရှိလာမယ်။ ကိုယ်မျှော်မှန်းထားတဲ့ ပြည်ပဈေးကွက်အတွက် MSME ပြပွဲရဲ့ အကူအညီနဲ့ လွယ်ကူချောမွေ့နိုင်မယ်လို့ ထင်မိပါတယ်။ အဓိကကတော့ ကိုယ့်အားတစ်ခုတည်းနဲ့ဆို အရွေ့ကနှေးနေပြီး နိုင်ငံတော်ကနေ ပံ့ပိုးပေးတဲ့ MSME အခန်းကဏ္ဍ အကူအညီနဲ့ကျတော့ အရွေ့မြန်သွားတယ်လို့ ခံစားရပါတယ်။

ဒေါ်မိုးသူဇာ

ခါတော်ဦးပဲကြော်၊ လက်ဖက်ရောင်းဝယ်ရေးလုပ်ငန်း

မကွေးတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း

ဒီနှစ်မှာ ကျွန်မတို့လို MSME လုပ်ငန်းတွေကို Wholesale တွေနဲ့ ချိတ်ဆက်လို့ရအောင် စီစဉ်ပေးတာကတော့ အထူးဝမ်းသာရပါတယ်။ ကျွန်မတို့မကွေးတိုင်းဒေသကြီးက မြေပဲအပါအဝင် ပဲမျိုးစုံထွက်ရှိတယ်။ အဲဒီတော့ ပဲကြော်လုပ်ငန်းဆိုတာ အများကြီးရှိတယ်။ ဒီလို လုပ်ငန်းတွေတူရင် ကိုယ့်ဘက်က တီထွင်ဆန်းသစ်မှုနဲ့ ဝန်ဆောင်မှုကို ပိုပြီးအားစိုက်ထည့်ရတယ်။ ဒါ့ကြောင့် ကျွန်မရဲ့ကုန်ပစ္စည်း ပဲကြော်အတွက် ပဲဆီသန့်ကိုပဲ သုံးတယ်၊ စားသုံးသူကို ဝယ်ယူချင်အောင် ထုပ်ပိုးမှုကို စနစ်တကျလုပ်တယ်။ စားသုံးသူအတွက် ကိုယ့်ထုတ်ကုန်အပေါ် အပြည့်အဝအားစိုက်ပေးထားပေမယ့် ဈေးကွက်ချဲ့နိုင်ဖို့ကလည်း လိုအပ်ပါတယ်။

ဒီလိုပြပွဲတွေ ကျင်းပပေးတဲ့အတွက် ကျွန်မတို့လို MSME လုပ်ငန်းတွေ ဈေးကွက်ချဲ့ထွင်နိုင်တယ်။ ဖောက်သည်အသစ်တွေရတယ်။ ကိုယ့်လုပ်ငန်းအတွက် ကိုယ်တစ်ဦးတစ်ယောက်ထဲ ကြိုးစားပြီး ဒီလိုဈေးကွက်ချဲ့ထွင်နိုင်ဖို့က မလွယ်ကူပါဘူး။ အခုလိုပြပွဲကျင်းပပေးတော့ တစ်နိုင်ငံလုံးက တစ်နေရာတည်းမှာ စုစည်းပြီး လုပ်ငန်းအတွက် လိုအပ်တာတွေ ဖလှယ်ခွင့်ရတယ်။ ဒီလို ဖလှယ်ခွင့်ရအောင်လည်း လုပ်ငန်းအချင်းချင်း ချိတ်ဆက်မှုတွေ၊ ပြည်ပပို့ကုန်အဖြစ် ပို့နိုင်အောင် အချိတ်အဆက်တွေ၊ ဘဏ်ကိစ္စရပ်တွေကို အလွယ်တကူဆောင်ရွက်နိုင်အောင် ပြပွဲနဲ့အတူ စီစဉ်ပေးထားတော့ ပိုပြီးအဆင်ပြေသွားပါတယ်။ MSME လုပ်ငန်းတွေကို အားပေးတဲ့ ဒီလိုပြပွဲမျိုးတွေ၊ အစီအစဉ်မျိုးတွေ အမြဲရှိစေချင်ပါတယ်။ ဒီလိုစီစဉ်ဆောင်ရွက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဒေါ်မော်မော်အေး

Royal မမော် မောတောင်ကော်ဖီနှင့် ဒေသထွက်ကုန်များ

တနင်္သာရီတိုင်းဒေသကြီး MSME ထုတ်ကုန်ပြခန်း

MSMEထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲမှာ ကျွန်မအနေနဲ့ တနင်္သာရီတိုင်းဒေသကြီး ဒေသထွက်ကုန်ဖြစ်တဲ့ မောတောင်ကော်ဖီကို ပါဝင်ပြသသွားမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးက မိုးရွာသွန်းမှုများပြီး အီကွေတာရာသီဥတုရှိတဲ့အတွက် မြေပြန့်ကော်ဖီ (ရိုဘတ်စတာ) ကော်ဖီမျိုးကွဲ စိုက်ပျိုးဖြစ်ထွန်းတဲ့ ဒေသဖြစ်ပါတယ်။ မောတောင်ဒေသခြံထွက် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ထားတဲ့ ကော်ဖီစေ့၊ နှပ်ကော်ဖီမှုန့်နဲ့ ပြည်ပကို ကျွန်မတို့က ကုန်ကြမ်းတင်သွင်းပြီး ပြည်ပကနေ ထုပ်ပိုးထားတဲ့ 3in1 အသင့်ဖျော်ကော်ဖီထုပ်တွေလည်း ပါဝင်ပြသမှာ ဖြစ်ပါတယ်။

လက်ရှိဈေးကွက်အနေနဲ့ မြိတ်၊ ထားဝယ်၊ ကော့သောင်းနဲ့ရန်ကုန်မှာ အဓိကရောင်းချလျက်ရှိပါတယ်။ အခု MSME ပြပွဲကတစ်ဆင့် စူပါမားကတ်တွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံတစ်ဝန်းလုံးကို ဖြန့်ဖြူးရောင်းချနိုင်ဖို့ ကြိုးစား‌ဆောင်ရွက်လျက်ရှိပါတယ်။ ဆက်လက်ပြီး ပိုမိုအမျိုးအစားစုံလင်တဲ့ Royal မမော်အဆင့်မြင့်ထုတ်ကုန်တွေကို နိုင်ငံအတွင်းသာမက ပြည်ပနိုင်ငံတွေကိုပါ တင်ပို့ရောင်းချနိုင်ဖို့ ‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဦးမြင့်ဝင်း

Manufacturing Director၊ Super Seven Stars Industrial

Development ကုမ္ပဏီပြခန်း

မြန်မာနိုင်ငံ အနာဂတ်စက်မှုနည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့၊ MSME လုပ်ငန်းတွေအတွက် နိုင်ငံတကာ ဈေးကွက်ကို ကျယ်ကျယ် ပြန့်ပြန့်ထိုးဖောက်နိုင်ဖို့၊ ထုပ်ပိုးမှုနည်းပညာ စက်ပစ္စည်းတွေ၊ စားသုံး ဆီထုတ်လုပ်မှု၊ အဖျော်ယမကာနဲ့ အရည်အမျိုးမျိုးထုတ်လုပ်မှု၊ အာလူးကြော်၊ အကြော်မုန့် ထုတ်လုပ်မှုတွေအပြင် စက်ရုံကုန်ထုတ်လုပ်မှုတွေမှာ အစားထိုးလောင်စာတောင့်၊ တိရစ္ဆာန်အစားအစာ ထုတ်လုပ်ခြင်းနဲ့ အလေအလွင့်သစ်အပိုင်းအစတွေကို အသုံးပြုပြီး ပရိဘောဂသုံးသစ်ပြားတွေ ထုတ်လုပ်ပေးမယ့် နည်းပညာမြင့် စက်ပစ္စည်းတွေကို ပြသပေးသွားမှာ ဖြစ်ပါတယ်။

နည်းပညာတွေက အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတယ်။ MSME လုပ်ငန်းရှင်တွေအနေနဲ့ ဒီနည်းပညာတွေကို အသုံးပြုပြီး အရည်အသွေးပြည့်မီတဲ့ ထုတ်ကုန်တွေကို အရေအတွက်မြင့်မားစွာ ဘယ်လိုထုတ်လုပ်နိုင်တယ်ဆိုတာကို ပြသမျှဝေလိုတယ်။ အခုလက်ရှိလုပ်ကိုင်နေတဲ့ MSME လုပ်ငန်းရှင်တွေအပြင် လုပ်ငန်းရပ်အသစ်တွေ စတင်ဆောင်ရွက်မယ့် MSME လုပ်ငန်းရှင်အသစ်တွေအတွက်လည်း အခုပြသမယ့် စက်ပစ္စည်းတွေက အထောက်အကူပြုပါလိမ့်မယ်။

ကျွန်တော်တို့အနေနဲ့ MSME လုပ်ငန်းရှင်တွေကို အသိပေးလိုတဲ့အဓိကအချက်က ရင်းနှီးမြှုပ်နှံမှုနည်းနည်းနဲ့ အဆင့်အတန်းပြည့်မီတဲ့ လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ဖို့ ဒီစက်ပစ္စည်းတွေက ကူညီပေးနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒါကြောင့် ကျွန်တော်တို့ပြခန်းကို လာရောက် လေ့လာဖို့လည်း ဖိတ်ခေါ်ပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် MSME လုပ်ငန်းတွေက အခြေခံကျတယ်၊ ဒီလုပ်ငန်းကွင်းဆက်တစ်လျှောက်လုံး ဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်။ အဲဒီအတွက် ခိုင်မာတဲ့စျေးကွက်တစ်ခုကို ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ MSME လုပ်ငန်းရှင်တွေအနေနဲ့ ခေတ်မီနည်းပညာတွေကို မျက်ခြည်မပြတ်လေ့လာအသုံးချဖို့ လိုအပ်ပါတယ်။ တစ်ဖက်ကလည်း နည်းပညာနဲ့ စက်ပစ္စည်းတွေ ရင်းနှီးမြှုပ်နှံ အသုံးပြုနိုင်ဖို့ နိုင်ငံတော်အနေနဲ့ MSME လုပ်ငန်းရှင်တွေကို ဘက်စုံ ထောင့်စုံမှ ဝိုင်းဝန်းကူညီပေးစေလိုပါတယ်။

တွေ့ဆုံမေးမြန်း-ဝင်းဝင်းမင်း

ဓာတ်ပုံ-ဖိုးပြည့်စုံ