နေပြည်တော် ဖေဖော်ဝါရီ ၇
အလုပ်သမားဝန်ကြီးဌာန၏ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းများ ပျော်ရွှင်စွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းရေးဟူသော ရည်ရွယ်ချက်များဖြင့် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ယာဉ်ရပ်နားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းနှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသည် ၁၂ လရာသီပွဲတော်များ၌ စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရသည့် ထူးခြားသောရိုးရာပွဲတစ်ခုဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှု၊ သတ်မှတ်ချိန်အတွင်း ဆောင်ရွက်နိုင်မှုတို့က အနိုင်ရရှိရေးကို အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် စည်းစည်းလုံးလုံး တက်တက် ကြွကြွ ယှဉ်ပြိုင်သွားကြရန် မှာကြားသည်။
ထမနဲထိုးပြိုင်ပွဲတွင် ဝန်ကြီးဌာနရှိ ဝန်ကြီးရုံး၊ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ပြိုင်ပွဲဝင် အသင်းခုနစ်သင်းတို့က မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာအတိုင်း အမှတ်ပေးသတ်မှတ်ချက်များနှင့်အညီ အားကြိုးမာန်တက်ယှဉ်ပြိုင်ကြပြီး ဝန်ထမ်းများကလည်း အိုးစည်၊ ဒိုးပတ်များဖြင့် တီးမှုတ်ကခုန်၍ ပျော်ရွှင်စွာ အားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများကို ဆုများချီးမြှင့်ကြကြောင်း သိရသည်။
သတင်းစဉ်