ရန်ကုန် ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံ၌ ဘုရားဖူးခရီးစဉ် ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီး၊ ဓမ္မယုတ္တိကနိကာယဂိုဏ်းမှ သံဃရာဇာ His Holiness Samdech Preah Abhisiri Sugandha Mohasangharajah Dhipati Dr. Bour Kry ဦးဆောင်သည့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ တက္ကသိုလ်ဗဟိုဆောင်ရှိ ပုဂံဧည့်ခန်းမ၌ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒအမှူးပြုသော သင်ကြားဆရာတော်ကြီးများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားရေးကိစ္စရပ်များ၊ ကမ္ဘောဒီးယားနိုင်ငံမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်များအား အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ဖွင့်လှစ်လျက်ရှိသော ဗုဒ္ဓဓမ္မ သင်တန်းများသို့ တက်ရောက်ရန် သင်တန်းသား ပိုမိုလက်ခံနိုင်ရေးကိစ္စရပ်များအပါအဝင် သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးတော်မူကြသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံမှ သံဃရာဇာဆရာတော်ကြီးနှင့် ပါမောက္ခချုပ်ဆရာတော်တို့သည် ဓမ္မလက်ဆောင်များ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံမှ သံဃရာဇာဆရာတော်ကြီး သည် တက္ကသိုလ်စာသင်ခန်းမများ၌ ပြည်တွင်း ပြည်ပသင်တန်းသားများအား ထေရဝါဒဗုဒ္ဓဓမ္မ သင်တန်းများ သင်ကြားပို့ချပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်