Skip to main content

(၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်

တောင်ကြီး ဖေဖော်ဝါရီ ၇

(၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

မိန့်ခွန်းပြောကြား

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ မိန့်ခွန်းပြောကြားသည်။

ထို့နောက် (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ပြခန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်သည့် ပိုးရယ်အောင်သိန်း၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဒေါက်တာစိုးဝင်း၊ Jeng Phang နော်တောင်၊ ခွန်သန့်ဇော်ထူး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဧည့်သည်တော်များက တိုင်းရင်းသားရိုးရာအစားအစာပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ MSME ပြခန်းများကို လှည့်လှည်ကြည့်ရှု အားပေးကြသည်။

ပေးအပ်ချီးမြှင့်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် မြို့တော်ခန်းမ၌ ကျင်းပသည့် (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူများအား ဂုဏ်ထူးဆောင်ဆုချီးမြှင့်ပွဲသို့ တက်ရောက် ပြီး စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) ရရှိသူ ၄၄ ဦးနှင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆုရရှိသူ ၁၂ ဦးတို့ကို ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နယ်စပ်ရေးရာဝန်ကြီးဌာနက ပေးအပ်သည့် ရှမ်းပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများနှင့် ပြည်သူများအတွက် ဆိုလာနှင့် အခြေခံစားသောက်ကုန် စုစုပေါင်းတန်ဖိုး ၅၃ သန်းကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး JengPhang နော်တောင်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ပေးအပ်သည့် ရှမ်းပြည်အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က လက်ခံရယူကြသည်။

ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်က လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်)၊ မွေးမြူရေးထူးချွန်ဆု (ပထမအဆင့်၊ တတိယအဆင့်) နှင့် လူမှုထူးချွန် (ပထမအဆင့်) ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လူမှုထူးချွန် (ပထမအဆင့်၊ ဒုတိယ အဆင့်၊ တတိယအဆင့်) ဆုရရှိသူများကိုလည်းကောင်း၊ အားကစားထူးချွန်ဆု (တတိယအဆင့်) ရရှိသူများ၊ တာဝန်ထမ်းဆောင်ရာတွင် ပြည်နယ်ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် ဌာန၊ အဖွဲ့အစည်းများကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်