Skip to main content

အရည်အသွေးယှဉ်ပြိုင် ထုတ်ကုန်ဈေးကွက်မြှင့်

၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီး တပေါင်းကွင်း၌ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တက်ရောက်ဆွေးနွေးပြောကြားခဲ့သည်။

MSME လုပ်ငန်းများ စတင်ဖွဲ့စည်းသည့်အချိန်မှ ယနေ့အချိန်အထိ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များ၊ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးသည့်အခါ တွေ့ရသည့် အတွေ့အကြုံများအရ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်/တိုင်းဒေသကြီး အဆင့်လုပ်ငန်းချိတ်ဆက်နိုင်မှု၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်း လုပ်ငန်းများ ချိတ်ဆက်နိုင်မှု၊ အတွေ့အကြုံဖလှယ်နိုင်မှုများတွင် လိုအပ်ချက်များရှိနေသည်ဟု သိရသည်။ ထို့ပြင် မိမိလုပ်ငန်းများအလိုက် သီးခြားစီ လုပ်ဆောင်နေကြသည့်အတွက် အချင်းချင်းပေါင်းစပ်ညှိနှိုင်းခြင်းနှင့် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများတွင် အားနည်းနေသည်ဟု သုံးသပ်ထားသည်။

MSME နှင့်ပတ်သက်၍ နည်းပညာ၊ အထောက်အကူပြုပစ္စည်းစသည်တို့ကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လုပ်ဆောင်ပေးနိုင်သည်များအား web portal များ၌ တင်ပေးထားသော်လည်း လုပ်ငန်းရှင်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် လိုအပ်ချက်များရှိနေသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် တပေါင်းတစည်းတည်း MSME ထုတ်ကုန်ပြပွဲများ ကျင်းပပေးလျက်ရှိသော်လည်း ယခုကဲ့သို့ ပြည်ထောင်စုအဆင့်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံး စုပေါင်းပြီး ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် ထုတ်ကုန်ပစ္စည်းများကွာခြားချက်၊ ဈေးနှုန်းနှင့် အရည်အသွေး၊ ထုပ်ပိုးမှုပုံစံ၊ နည်းပညာ၊ ပြည်ပတင်ပို့နိုင်မှုအခြေအနေစသည်တို့ကို နှိုင်းယှဉ်ပြီး လိုအပ်ချက်များကို ပြုပြင်ပေးနိုင်မည်ဖြစ်ရာ ထုတ်ကုန်ပစ္စည်းများ မြင့်မားတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းများ ရရှိမည်ဖြစ်သည်။

မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ ယှဉ်ပြိုင်မှုရှိမှသာလျှင် အားသာချက်၊ အားနည်းချက်များကိုသိရှိပြီး တိုးတက်မှုများရရှိနိုင်မည်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအနေဖြင့် ထုတ်ကုန်အမျိုးအစားချင်းတူသော်လည်း အရည်အသွေး၊ အရသာနှင့် ထုပ်ပိုးမှုပုံစံတို့ကို နှိုင်းယှဉ်ကြမည်ဖြစ်ရာ ပြုပြင်စရာများကို ပြုပြင်ထုတ်လုပ်နိုင်ရန်နှင့် တစ်နေရာတည်းတွင် နေရာစုံမှပစ္စည်းအမျိုးအစားမျိုးစုံကို နှိုင်းယှဉ်နိုင်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ လုပ်ငန်းရှင်များအချင်းချင်း အတွေ့အကြုံများကို မျှဝေနိုင်ခြင်းစသည့် ကောင်းသောအချက်အလက်များကို ချက်ချင်းရရှိနိုင်မည်ဖြစ်သည်။ MSME ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သာမက ပြည်ပသို့ပါတင်ပို့နိုင်ရေးအတွက် ဈေးကွက်လိုအပ်ချက်များ၊ စာရွက်စာတမ်းလိုအပ်ချက်များ၊ နည်းစနစ်လိုအပ်ချက်များကို လုပ်ငန်းရှင်များသိရှိနားလည်မှသာ လုပ်ငန်းအဆင်ပြေမည်ဖြစ်သည်။

ယခုကဲ့သို့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြိုင်ပွဲနှင့်ပြပွဲများ ပြုလုပ်ခြင်းဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးထုတ်ကုန်များကို သွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းဈေးကွက်တွင် ပြည်သူများ နှစ်သက်စွာသုံးစွဲနိုင်မည်ဖြစ်သည်။ ပြည်ပသို့ တင်ပို့နိုင်ရန်အတွက်လည်း လိုအပ်သည့်နည်းစနစ်ပိုင်းနှင့် အချက်အလက်များ၊ အထောက်အထားပိုင်းများအား ဝန်ကြီးဌာနများနှင့် မည်သို့ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည်ကို လုပ်ငန်းရှင်များအားလုံး သိရှိနိုင်မည်ဖြစ်သည်။ ဝန်ကြီးဌာနများအနေဖြင့် ယခင် MSME ပြပွဲများကဲ့သို့ မိမိထုတ်ကုန်ပစ္စည်းများကိုသာ ခင်းကျင်းပြသခြင်းမျိုးမဟုတ်ဘဲ မိမိတို့ဝန်ကြီးဌာနက MSME လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များ၊ သတင်းအချက်အလက်များ၊ နည်းပညာများကို လုပ်ငန်းရှင်များ သိရှိချိတ်ဆက်ဆောင်ရွက်နိုင်အောင် စီမံဆောင်ရွက်ထားရန် လမ်းညွှန်ထား သည်။

ပြပွဲနှင့် ပြိုင်ပွဲတွင် စီးပွားရေးလုပ်ငန်းများကို ဦးဆောင်ဦးရွက်ပြုနေသည့် အရပ်ဘက်စီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၏ ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်ဘဏ်များနှင့်လည်း ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ပေးထားသည်။ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ငွေကြေးအရင်းအနှီး၊ မြေနေရာနှင့် လျှပ်စစ်ဓာတ်အားရရှိရေး တင်ပြချက်များရှိသည်။ အရင်းအနှီးနှင့်ပတ်သက်၍ MSME လုပ်ငန်းကော်မတီတွင် လုပ်ငန်းရှင်များ ချေးငွေရရှိရေးအတွက် အတတ်နိုင်ဆုံးဖြေလျှော့ပေးထားသည်။ မြေနေရာရရှိရေးအတွက်လည်း လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ရသင့်ရထိုက်သည်တို့ကို စီမံဆောင်ရွက်ပေးလျက်ရှိသည်။ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အစီအမံများကို လမ်းညွှန်ကူညီပေးလျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ကုန်ထုတ်စွမ်းအားမြင့်မားပြီး နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ယခုကဲ့သို့ ပြည်ထောင်စုအဆင့် ပြပွဲ၊ ပြိုင်ပွဲကြီးကို တစုတဝေးတည်း လိုလေသေးမရှိ ဆောင်ရွက်ပေးလျက်ရှိရာ ကုန်ပစ္စည်းအရည်အသွေးအချင်းချင်းယှဉ်ပြိုင်၍ ထုတ်ကုန်ပစ္စည်းများကို အဆင့်မြှင့်တင်ပြီး အဆင့်အတန်းမြင့်ဈေးကွက်ဝင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဟု ယုံကြည်ပါကြောင်း။ ။