Skip to main content

ပြည့်အင်အားဖြင့် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းတည်ဆောက်၊ ကာကွယ်စောင့်ရှောက်

သမဂ္ဂါနံ တပေါ သုခေါ - ညီညွတ်သူတို့၏အကျင့်သည် ချမ်းသာကြောင်းဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့သည်။ လူဆိုသည်မှာ အဖွဲ့အစည်း၊ အသင်းအပင်း၊ အစုအဝေးနှင့်သာ ရှင်သန်နေထိုင်တတ်သည့်သတ္တဝါဖြစ်ရာ စည်းလုံးညီညွတ်ခြင်းမှာ လွန်စွာအရေးကြီးသည်။ စည်းလုံးညီညွတ်ခြင်းမှာ ချမ်းသာခြင်းဖြစ်ရာ စည်းလုံးညီညွတ်မှုပျက်ယွင်းသည့်အခါတွင် ချမ်းသာခြင်းလည်း ပျက်ယွင်းကြရသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များမှာ စည်းလုံးညီညွတ်မှုကို ဦးစွာ တည်ဆောက်ခဲ့ကြရသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတစ်ရပ်တွင် “မိမိ၏အမျိုးသားကိစ္စကိုသာမက၊ လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံနည်းလမ်းတကျ ပူးပေါင်းဆက်ဆံကြခြင်းကိုလည်း ကျွန်ုပ်တို့ သတိမူရပေလိမ့်မည်။ ထိုသို့ ပူးပေါင်းဆက်ဆံဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့အသီးသီးတို့၏ အကျိုးယုတ်ဖို့ဝေးစွ၊၊ အမျိုးမျိုးသော အကျိုးထူးများ ခံစားရန်ပင်ရှိသည်ဟု ဆိုလိုပေသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံကို ပြည်ထောင်စုနိုင်ငံအဖြစ် ထူထောင်ရုံသာမက မျက်မှောက်ကာလ အာဆီယံနိုင်ငံများ အဖွဲ့ဝင်နိုင်ငံအချို့နှင့်ပူးပေါင်းကာ “အင်ဒိုချိုင်းနားပြည်ထောင်စု” ဟူ၍ တည်ထောင်ကောင်းတည်ထောင်နိုင်ရန်အထိ မျှော်တွေးခဲ့သည်။

ယနေ့ကမ္ဘာပေါ်တွင် ပြည်ထောင်စုစနစ်အမျိုးမျိုးဖြင့် ဖွဲ့စည်းတည်ထောင်နိုင်သော နိုင်ငံများစွာရှိသည်။ ထို့အပြင် ပြည်နယ်များနှင့် စုပေါင်းဖွဲ့စည်းထားသော်လည်း ပြည်ထောင်စုဟူ၍ အမည်ခံမထားသည့် နိုင်ငံများလည်းရှိသည်။ ကမ္ဘာ့နိုင်ငံတိုင်းမှာ လူမျိုးတစ်မျိုးတည်း နေထိုင်သော နိုင်ငံဟူ၍မရှိ။ အမေရိကန်ပြည်ထောင်စုဆိုလျှင် ကမ္ဘာအရပ်ရပ်မှ လာရောက်အခြေချနေထိုင်ကြသူများက အများစုဖြစ်ပြီး ဌာနေတိုင်းရင်းသားက အနည်းစုမျှသာရှိနေသည်။ စည်းလုံးညီညွတ်ခြင်းသည် အင်အားကို ခိုင်မာတောင့်တင်းစေပြီး ချမ်းသာခြင်းကို လည်းဖြစ်စေရာ မျက်မှောက်ကာလ အင်အားကြီးနိုင်ငံများကို ကြည့်ပါက စည်းလုံးညီညွတ်စွာဖြင့် အခိုင်အမာတည်ဆောက်ထားသည့် ပြည်ထောင်စုနိုင်ငံများသာဖြစ်သည်ကို တွေ့ရှိနိုင်သည်။

ကမ္ဘာပေါ်တွင်လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော နိုင်ငံများအဖြစ် ရပ်တည်ကြရာတွင် အပြိုင်အဆိုင်ရပ်တည်ကြရခြင်း ဖြစ်သည်။ နိုင်ငံ၏နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ် ရေးအင်အားတို့ကို အခိုင်အမာတည်ဆောက်ပြီး ကိုယ့်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြရခြင်းဖြစ်သည်။ အဆိုပါ အား (၃) အား ခိုင်မာတောင့်တင်းသည့်နိုင်ငံများက နိုင်ငံတကာအလယ်တွင် ပခုံးချင်းယှဉ်နိုင်ရုံမက ခေါင်းမော့ ရင်ကော့၍ ရပ်တည်နေနိုင်သည်။ နိုင်ငံသူနိုင်ငံသားတို့လည်း သွားလေရာနိုင်ငံတိုင်းမှာ မျက်နှာပန်းလှသည်။ အားအင်ချည့်နဲ့သည့် နိုင်ငံမျိုးမှာမူ တူတူတန်တန်ဆက်ဆံခြင်းမခံရ။ လူမလေး ခွေးမခန့် ဟု ဆိုသည့်နှယ်ပင် နှိမ်ချဆက်ဆံခံရမည်ဖြစ်သည်။

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟူသော စကားနှင့်အညီ တိုင်းပြည်ကို ပြည်တွင်းအင်အားဖြင့်သာ တည်ဆောက်ကြရသော်လည်း မျက်မှောက်ကာလ မိမိတို့နိုင်ငံ၏ အခြေအနေမှာ တည်ဆောက်ရေးကို မလုပ်နိုင်ဘဲ တိုင်းဖျက်ပြည်ဖျက်ရန်ကို ပြည့်အင်အားဖြင့် ကာကွယ်နေကြရသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အခွင့်အလမ်းများ ရှိနေပါလျက် လက်နက်ကိုင်နည်းလမ်းကို ကျင့်သုံးနေကြခြင်းကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အရင်းအမြစ်များစွာ ပျက်စီးဆုံးရှုံးနေရသည်။ ယင်းအနက် နှမြောဖွယ်၊ ဝမ်းနည်းဖွယ်အကောင်းဆုံးမှာ လူသားအရင်းအမြစ်များ ဆုံးရှုံးရခြင်းပင်ဖြစ်သည်။ စည်းလုံးညီညွတ်မှု ပျက်ပြားရာမှ ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခများအပေါ်တွင် သံဝေဂယူနိုင်ကြဖို့ အချိန်အခါကျရောက်နေပြီဖြစ်သည်။

လွန်ခဲ့သော (၇၈) နှစ်က မိမိတို့၏ဘိုးဘွားများ စည်းလုံးညီညွတ်မှုကို ပြသ၍ရယူခဲ့သော မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စည်းလုံးညီညွတ်စွာ ကာကွယ်စောင့်ရှောက်ခဲ့ကြသကဲ့သို့ အနာဂတ်တွင်လည်း စည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း နိုင်ငံ၏အား (၃) အားကို ပြည်တွင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းတည်ဆောက်ကြရပါမည့်အကြောင်း။ ။