နေပြည်တော် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် အင်းယားကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်ခုနစ်ပါးနှင့် ဒေသခံပြည်သူ ၃၄၂ ဦးတို့အား သွေးတိုးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ကလေးရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်