နေပြည်တော် ဖေဖော်ဝါရီ ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယမြို့နယ် ကျုံးကျေးရွာသို့ သွားရောက်ပြီး ရောင်ခြည်ဦးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသား ဦးစိန်သန်း၏ ဆီစက်လည်ပတ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပင်းတယမြို့နယ် ပွေးလှကျေးရွာသို့ သွားရောက်ပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဆီထွက်သီးနှံနေကြာစိုက်တောင်သူများနှင့် တွေ့ဆုံကာ အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး၍ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တောင်ကြီးမြို့နယ် ပန့်ပုန်းကျေးရွာသို့ ရောက်ရှိပြီး ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအား မိမိပိုင်ပစ္စည်းကဲ့သို့ Ownership Mindset မွေးမြူ၍ စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြား၍ ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသော ဆီထွက်သီးနှံနေကြာစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တောင်ကြီးမြို့နယ် အေးသာယာ မြို့ရှိ တော်ဝင် Tgi အထည်ချုပ်နှင့် တံဆိပ်ရိုက်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ပိုမိုအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး လိုအပ်သည့် အရင်းအနှီးများရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြား၍ လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်