နေပြည်တော် ဖေဖော်ဝါရီ ၅
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီရင်ခံစာနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အစီရင်ခံစာများ ရေးသားပြုစုနိုင်ရန် အချက်အလက် အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ခဲ့မှုနှင့် ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခဲ့မှုအခြေအနေ၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမေးခွန်းများအရ ကောက်ယူရရှိသည့် အချက်အလက်များအပေါ် လေ့လာဆန်းစစ်ထားသည့် ပြည်ထောင်စုအစီရင်ခံစာကို ၂၀၂၅ ခုနှစ်အတွင်း ထုတ်ပြန်နိုင်ရေးဆောင်ရွက်နေမှုနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစီရင်ခံစာများ ဆက်လက်ပြုစုထုတ်ပြန်သွားမည့်အခြေအနေ၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် သန်းခေါင်စာရင်းအစီရင်ခံစာများ ထုတ်ပြန်နိုင်ရေးအတွက် ထည့်သွင်းပြောကြားမည့် အချက်အလက်၊ စာရင်းအင်းများနှင့်ပတ်သက်၍ အချက်အလက်အသုံးပြုသူများ၏ လိုအပ်ချက်များ အတတ်နိုင်ဆုံးမကျန်ရှိစေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက အစီရင်ခံစာများ ထုတ်ပြန်နိုင်ရေးအတွက် Tabulation Plan ရေးဆွဲခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်ရှိသူများက အစီရင်ခံစာများ ထုတ်ပြန်ရာတွင် ဘာသာရပ်အလိုက်ခေါင်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဘာသာရပ်ခေါင်းစဉ်အလိုက် အဖွဲ့များခွဲ၍ ညှိနှိုင်းဆွေးနွေးတင်ပြခြင်းတို့ကို ဆောင်ရွက်ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်