Skip to main content

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ အကဲဖြတ်နိုင်မှုစွမ်းဆောင်ရည် မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၅

ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနတစ်ခုဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အကဲဖြတ်နိုင်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီရုံး ရုံးအမှတ် (၁)၌ Hybrid ပုံစံဖြင့် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနတစ်ခု၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည့် ကြီးကြပ်ခြင်းနှင့် စိစစ်အကဲဖြတ်ခြင်းအပိုင်းသည် အရေးကြီးကြောင်းနှင့် အာဆီယံ - ဂျပန်ဗဟိုဌာန၏ အကူအညီပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ အာဆီယံ - ဂျပန် ဗဟိုဌာနမှ Head of Bilateral Programme ဖြစ်သူ Mr. Phutsakhon SENGMANIPHON က အာဆီယံ - ဂျပန်ဗဟိုဌာန၏ အသိပညာမျှဝေမှုများနှင့် နည်းပညာဖလှယ်မှုများမှတစ်ဆင့် အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆောင်ရွက်ချက်များကို အထောက်အကူပြုလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ ဝန်ဆောင်မှုပိုင်းနှင့် မူဝါဒပိုင်းဆိုင်ရာ ထိရောက်မှုရှိ‌စေရေးတွင် ကြီးကြပ်ခြင်းနှင့် စိစစ်အကဲဖြတ်ခြင်းအပိုင်းသည် အဓိကကျကြောင်းနှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်ချက်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အလုပ်ရုံ ဆွေးနွေးပွဲအတွင်း နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် Ms. Premila Nazareth Satyanand က နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည့် မဟာဗျူဟာများ၊ ကြီးကြပ်ခြင်းနှင့် စိစစ်အကဲဖြတ်ခြင်းလုပ်ငန်းစဉ်နှင့် နည်းလမ်းများ၏ အရေးပါပုံတို့ကို မျှဝေဆွေးနွေးသွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲမှ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနအဖြစ် ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဝန်ထမ်းများအနေဖြင့် အကဲဖြတ်သုံးသပ်နိုင်မည့် စွမ်းဆောင်ရည်နှင့် ထိရောက်သည့် အကဲဖြတ်သုံးသပ်ခြင်းများ ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်နိုင်မည့် အခက်အခဲများနှင့် စိန်ခေါ်မှုများအား လေ့လာသိရှိနိုင်မည့်အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ အာဆီယံ - ဂျပန်ဗဟိုဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၆ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်