Skip to main content

“ကမ္ဘောဇမြေ ချယ်ရီဝေ” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော် ဖေဖော်ဝါရီ ၅

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို အပတ်စဉ် သောကြာနေ့ ညတိုင်းဆန်းသစ်တင်ဆက်လျက်ရှိရာ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နာမည်ရ တိုင်းရင်းသားတေးသံရှင်များက ပွဲစဉ်(၇)ပွဲဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်အထိ ဖျော်ဖြေတင်ဆက်မှုတွင် ပွဲစဉ် (၇) “ကမ္ဘောဇမြေချယ်ရီဝေ” တေးဂီတဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်၊ (သောကြာနေ့) ည ၉ နာရီခန့်၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့် ပြသမည်ဖြစ်သည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နာမည်ရ ရှမ်းတိုင်းရင်းသား/ တိုင်းရင်းသူ တေးသံရှင်များ ဖြစ်ကြသည့် စိုင်းကျော်သက်၊ စိုင်းဖေတင်းဆိုင်၊ စိုင်းဖွန်းခမ်း၊ စိုင်းအောင်မိန်း၊ နောင့်မွေဆိုင်နှင့် နန်းဖွေးဟွမ်တို့က ချယ်ရီပန်းများ ပွင့်လန်းရာ ရှမ်းပြည်နယ်၏ သာယာလှပပုံ၊ ရှမ်းအိုးစည်သံ၊ ရှမ်းရိုးရာ အကအလှများနှင့် ပျော်ရွှင်ကြည်နူးကြပုံ၊ ရှမ်းတိုင်းရင်းသားများ၏ ချစ်စရာကောင်းသည့် ဟန်ပန်အမူအရာနှင့် ရိုးသားဖြူစင်မှု၊ နွေးထွေးပျူငှာစွာ ဖိတ်ခေါ်မှုနှင့် ဧည့်ဝတ်ကျေပွန်ပုံတို့ကို ဖော်ကျူးထားသည့် တေးသီချင်းကောင်းများအား ရှမ်း၊ ဗမာ နှစ်ဘာသာဖြင့် သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး ရှမ်းတိုင်းရင်းသားတေးဂီတအဖွဲ့ Tai Selection Music Band ကလည်း လက်စွမ်းပြတီးခတ်ကြမည်ဖြစ်သည်။

ယင်းအစီအစဉ်ကို MRTV App ၏ Entertain-ment Sector နှင့် MRTV Telegram တို့မှလည်း လွှင့်တင်မည်ဖြစ်၍ ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဖေဖော်ဝါရီ ၉ ရက်၊ (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း MRTV HD Channel မှ Replay ထပ်မံ ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်