Skip to main content

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာအောင်မြေမြို့နယ်တွင် နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၅

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာအောင်မြေမြို့နယ် ၅၆ လမ်းပေါ်ရှိ ၃၅ လမ်းမှ သိပ္ပံ ၁၀၁ လမ်းအထိလည်းကောင်း၊ ၄၂ လမ်းပေါ်ရှိ ၅၉ လမ်းမှ အရှေ့မြို့ပတ်လမ်းအထိလည်းကောင်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းနေရာ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ နှစ်အလိုက် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ မြို့ပေါ်ရှိလမ်းများတိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများ၊ ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့အား အမှတ်တရလက်ဆောင်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လမ်းတစ်လျှောက်အား လှည့်လည်ကြည့်ရှုပြီး မြို့မိမြို့ဖများအား ရင်းနှီးစွာ နှုတ်ဆက်ကြသည်။

အဆိုပါ ၅၆ လမ်းပေါ်ရှိ ၃၅ လမ်းမှ သိပ္ပံလမ်းအထိ အရှည် ၅၈၈၅ပေနှင့် အကျယ် ပေ ၄၀ ကိုလည်းကောင်း၊ ၄၂ လမ်းပေါ်ရှိ ၅၉လမ်းမှ အရှေ့မြို့ပတ်လမ်းအထိ အရှည် ၄၅၂၇ ပေနှင့် အကျယ် ပေ ၃၀ ကိုလည်းကောင်း နိုင်လွန်ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင်ခင်းပေးထားကာ လိုအပ်သည့်နေရာများတွင် တံတားများ ဘေးချဲ့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်လမ်းအဆင့်မြှင့်တင်ခင်းပေးခြင်း မဆောင်ရွက်မီက ၎င်း ၅၆ လမ်းပေါ်တွင် ယာဉ်သွားလာအသုံးပြုမှုများသဖြင့် ယာဉ်များသွားလာရာ၌ ကျပ်တည်းမှုအမြဲတမ်းဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ လေးလမ်းသွားအဖြစ် ဘေးချဲ့၍ နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းပြီး ပြည်သူများ အချိန်တိုအတွင်း သွားလာမှုပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်