Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနည်းအလိုက် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက် မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်၌ စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)တို့မှ အားကစားနည်းအလိုက် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း အားကစားနည်းများအလိုက် သက်ဆိုင်ရာအားကစားကွင်း/ အားကစားရုံများတွင် လေ့ကျင့်လျက်ရှိသည့် ပြေးခုန်ပစ်၊ အလေးမ၊ ဝူရှူး၊ လက်ဝှေ့၊ ဘိလိယက်၊ ပိုက်ကျော်ခြင်း၊ မြားပစ် အားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကိုလည်းကောင်း၊ နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)၊ Cluster-3 ရှိ ဂျူဒိုအားကစားလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် လေ့ကျင့်နေမှုကိုလည်းကောင်း၊ Gym & Fitness Center တွင် ဘော်လီဘောအားကစားသမားများ၏ လေ့ကျင့်နေမှုများနှင့် Gym လေ့ကျင့်ရေးစက်ပစ္စည်းများ ပြင်ဆင်ထားရှိမှုကိုလည်းကောင်း၊ ပီတန်းအားကစားလေ့ကျင့်ရေးကွင်း၌ ပီတန်းအားကစားသမားများ၏ လေ့ကျင့်နေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ယခင်အောင်မြင်မှုရရှိခဲ့သည့် အားကစားသမားများ၏ ကြိုးစားလေ့ကျင့်ခဲ့မှုနှင့် ဆုတံဆိပ်ရရှိခဲ့မှုများအတိုင်း မိမိတို့၏ အားကစားသမားများကို အလားတူအောင်မြင်မှုများရရှိအောင် စနစ်တကျလေ့ကျင့်သင်ကြားပေးသွားရန်လိုကြောင်း၊ လိုအပ်သည့် ကယ်လိုရီပမာဏနှင့် အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်စေရေးအတွက် အားကစားနည်းအလိုက်၊ ကိုယ်အလေးချိန်အလိုက်၊ (ကျား၊ မ) အလိုက် တွက်ချက်၍ ပြန်လည်တင်ပြပေးသွားရန်လိုကြောင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုများအတွက် အားကစားနည်းအလိုက် လေ့ကျင့်ပေးရန် လိုအပ်သည့် Gym နည်းစနစ်များ၊ Programme များအတိုင်း Gym တာဝန်ခံနှင့် နည်းပြများက ပေါင်းစပ်ညှိနှိုင်းပြီး စနစ်တကျလေ့ကျင့်ပေးသွားရန်လိုကြောင်း တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Cluster-9 ရှိ စားရိပ်သာတွင် အားကစားသမားများအတွက် ချက်ပြုတ်ပြင်ဆင်နေမှုများ၊ အသီးအရွက်များ သိုလှောင်ထားရှိသည့်နေရာနှင့် အားကစားသမားများ၏ နေ့လယ်စာစားသောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားသမားများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်