Skip to main content

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၅

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆပ်ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ အေဂျင်စီဥက္ကဋ္ဌများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရန် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ အသီးသီးချမှတ်ထားပြီးဖြစ်ကြောင်း၊ MSME လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်းသည့်အချိန်မှ ယခုချိန်အထိ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များ၊ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးသည့် ခရီးစဉ်များတွင် တွေ့ရသည့် အတွေ့အကြုံများအရ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းဒေသကြီးအဆင့် လုပ်ငန်းချိတ်ဆက်နိုင်မှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအချင်းချင်း၊ လုပ်ငန်းရှင်များအချင်းချင်း လုပ်ငန်းများ ချိတ်ဆက်နိုင်မှု၊ အတွေ့အကြုံဖလှယ်နိုင်မှုများတွင် လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရကြောင်း၊ ထို့ပြင် မိမိလုပ်ငန်းများအလိုက် သီးခြားစီလုပ်ဆောင်နေကြခြင်းဖြစ်သည့်အတွက် အချင်းချင်းညှိနှိုင်းပေါင်းစပ်ခြင်းနှင့် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများတွင်လည်း အားနည်းနေသည်ကို တွေ့ရကြောင်း၊ နည်းပညာ၊ အထောက်အကူပစ္စည်းအပါအဝင် MSME နှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လုပ်ဆောင်ပေးနိုင်သည်များကို webportal များ၌ တင်ပေးထားသော်လည်း လုပ်ငန်းရှင်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် လိုအပ်ချက်များရှိနေသည်ကိုလည်း တွေ့ရကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တပေါင်းတစည်း MSME ထုတ်ကုန်ပြပွဲများ ကျင်းပလျက်ရှိသော်လည်း ပြည်ထောင်စုအဆင့်တွင် မိမိတို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ယခုကဲ့သို့ ပြပွဲ၊ ပြိုင်ပွဲကျင်းပပြုလုပ်ပေးနေခြင်းအားဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းကွာခြားချက်၊ ဈေးနှုန်းနှင့် အရည်အသွေး၊ ထုပ်ပိုးမှုပုံစံ၊ နည်းပညာ၊ ပြည်ပတင်ပို့နိုင်မှုအခြေအနေတို့ကို နှိုင်းယှဉ်နိုင်ပြီး လိုအပ်ချက်များ ပြုပြင်နိုင်ရေး ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းပင်ဖြစ်စေ ယှဉ်ပြိုင်မှုရှိမှသာလျှင် တိုးတက်မှုရှိမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မိမိတို့ ထုတ်ကုန်များအနေဖြင့် ထုတ်ကုန်အမျိုးအစားချင်းတူသော်လည်း အရည်အသွေး၊ အရသာ၊ ထုပ်ပိုးမှုပုံစံ နှိုင်းယှဉ်နိုင်မည်ဖြစ်ကာ ပြုပြင်စရာများကို ပြုပြင်နိုင်ရန်နှင့် တစ်နေရာတည်းတွင် နေရာအစုံမှ ပစ္စည်းအမျိုးအစားမျိုးစုံကို နှိုင်းယှဉ်နိုင်ခြင်း၊ လုပ်ငန်းရှင်များအချင်းချင်း အတွေ့အကြုံများကို မျှဝေနိုင်ခြင်း စသည့်ကောင်းမွန်သည့် အချက်အလက်များကို ချက်ချင်းရရှိနိုင်မည်ဖြစ်ကြောင်း။

သိရှိနားလည်မှသာ လုပ်ငန်းများ ပိုမိုအဆင်ပြေနိုင်မည်

မိမိတို့ MSME ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်၌သာမက ပြည်ပသို့လည်း တင်ပို့နိုင်ရမည်ဖြစ်ပြီး ပြည်ပသို့တင်ပို့နိုင်ရေးအတွက် ဈေးကွက်လိုအပ်ချက်များ၊ စာရွက်စာတမ်းဆိုင်ရာ လိုအပ်ချက်များ၊ နည်းစနစ်ဆိုင်ရာလိုအပ်ချက်များကို လုပ်ငန်းရှင်များအနေဖြင့် သိရှိနားလည်မှသာ လုပ်ငန်းများ ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ခြင်းမှ ပြည်နယ်နှင့်တိုင်းဒေသကြီး ထုတ်ကုန်များအနေဖြင့် သွင်းကုန်အစားထိုး ပြည်တွင်းဈေးကွက်အတွင်း ပြည်သူများ သုံးစွဲနိုင်မည်ဖြစ်ပြီး ပြည်ပသို့တင်ပို့နိုင်ရန်အတွက် လိုအပ်သည့် နည်းစနစ်ပိုင်းနှင့် အချက်အလက်များ၊ အထောက်အထားပိုင်းများကို ဝန်ကြီးဌာနများနှင့် မည်သို့ချိတ်ဆက်၍ ဆောင်ရွက်ပေးနိုင်မည်ကို လုပ်ငန်းရှင်များအားလုံး သိရှိနိုင်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ဘဏ်များနှင့်လည်း ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ပေးထား

ဆက်လက်ပြောကြားရာတွင် ဝန်ကြီးဌာနများအနေဖြင့် ယခင် MSME ပြပွဲများကဲ့သို့ မိမိထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသခြင်းမျိုးမဟုတ်ဘဲ မိမိဝန်ကြီးဌာနက MSME လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များ၊ သတင်းအချက်အလက်၊ နည်းပညာများကို လုပ်ငန်းရှင်များ သိရှိချိတ်ဆက်ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် အေဂျင်စီဥက္ကဋ္ဌများက လုပ်ငန်းရှင်များကို ကြိုတင်အသိပေးထားစေလိုကြောင်း၊ ပြပွဲနှင့် ပြိုင်ပွဲတွင် စီးပွားရေးကို ဦးဆောင်ဦးရွက်ပြုနေသည့် အရပ်ဘက်စီးပွားရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၏ ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဘဏ်များနှင့်လည်း ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ပေးထားကြောင်း၊ အဆိုပါအချက်အလက်များသည် နိုင်ငံတော်အကြီးအကဲ၏ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ဖြစ်ကြောင်း။

နိုင်ငံတော်အကြီးအကဲအပါအဝင် တာဝန်ရှိသူများ သွားရောက်သည့် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲများတွင် တင်ပြချက်များအနက် အဓိကအချက်မှာ ငွေကြေးအရင်းအနှီး၊ မြေနေရာနှင့် လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်ကြောင်း၊ အရင်းအနှီးနှင့်စပ်လျဉ်း၍ MSME လုပ်ငန်းကော်မတီတွင် လုပ်ငန်းရှင်များ ချေးငွေရရှိရေးအတွက် အတတ်နိုင်ဆုံးဖြေလျှော့မှုများ ဆောင်ရွက်ပေးထားကြောင်း၊ မြေနေရာရရှိရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ရသင့်ရထိုက်သည်များကို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME လုပ်ငန်းရှင်များ၏ အဓိကတင်ပြချက်ဖြစ်သည့် လျှပ်စစ်ရရှိရေးကိစ္စနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံးအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ မဂ္ဂါဝပ် ၆၃၀၀ ကျော်ရှိကြောင်း၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေမှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထုတ်လုပ်နိုင်မှုရပ်ဆိုင်းနေသည့် စက်ရုံများရှိကြောင်း၊ လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်လုပ်နိုင်သည့် ပမာဏပေါ်မူတည်၍ အလှည့်ကျရရှိရေးအတွက် အတတ်နိုင်ဆုံးစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါလျှပ်စစ်ဓာတ်အားရရှိရေး ကျော်လွှားနိုင်မည့် မိမိတို့စက်ရုံ၊ အလုပ်ရုံများကို အသိပညာပေးလိုသည်မှာ လက်ရှိသီလဝါစက်မှုဇုန်၌ ကုမ္ပဏီခြောက်ခုမှ ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်လုပ်မှု ၄ ဒသမ ၉ မဂ္ဂါဝပ်ကျော်ထုတ်လုပ်သုံးစွဲလျက်ရှိကြောင်း၊ ထိုသို့ ထုတ်လုပ်နိုင်မှုကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုတွင်ကျယ်လာကြောင်း၊ အဆိုပါဆောင်ရွက်မှုကို နမူနာယူပြီး အခြားကုမ္ပဏီများမှ လျှပ်စစ်ဓာတ်အား ၈ မဂ္ဂါဝပ်ကျော် ထုတ်လုပ်သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် တစ်ပိုင်တစ်နိုင် မိမိလုပ်ငန်းအတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲ၍ရသည့်အပြင် ပိုလျှံမှုအပေါ် နိုင်ငံအဆင့် မဟာဓာတ်အားလိုင်းသို့ ရောင်းချ၍ရနေကြောင်း၊ ဆိုလာစနစ်ဆောင်ရွက်သည့်အတွက် ကုန်ကျမည့် ငွေပမာဏမှာ နှစ်အနည်းငယ်အတွင်း အရင်းကျေကာလသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် မိမိတို့ ကာကွယ်ရေးဦးစီးချုပ်ရုံး အတွင်း ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ်ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စတင်တည်ဆောက်အသုံးပြုခဲ့ရာ လာမည့်တစ်နှစ်ခွဲအတွင်း အရင်းကျေကာလပြည့်မြောက်ပြီဖြစ်ကြောင်း၊ သို့ဖြစ်၍ MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်မှုဇုန်များ၏ မြေလွတ်နေရာများနှင့် အခြားမြေလွတ်မြေရိုင်းနေရာများတွင် ဆိုလာစနစ်ဖြင့် တစ်ပိုင်တစ်နိုင်လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆောင်ရွက်စေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် စက်မှုဇုန်များ၌ လျှပ်စစ်မီးမလုံလောက်သည့် စိန်ခေါ်မှုကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း သဘာဝဓာတ်ငွေ့၊ ဆိုလာလျှပ်စစ်အင်ဂျင်ပေါင်းစပ်သည့် Hybrid ဓာတ်အားမဂ္ဂါဝပ်ပေါင်း ၁၀၀၀ ကျော် ထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရရှိသည့် လျှပ်စစ်ဓာတ်အားများကို တစ်နိုင်ငံလုံးဖြန့်ဝေခြင်းဖြစ်သည့်အတွက် အချိုးအစားအလိုက် ဓာတ်အားရရှိမည်ဖြစ်ပြီး လုပ်ငန်းရပ်များအလိုက် ကိုယ်ပိုင် Solar စနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက လုပ်ငန်းများ ပိုမိုအဆင်ပြေမည်ဖြစ်၍ ဆွေးနွေးညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း။

များစွာအထောက်အကူပြုနိုင်မည်

ထို့ကြောင့် ယခုတက်ရောက်လာကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ အေဂျင်စီဥက္ကဋ္ဌများ အနေဖြင့် သက်ဆိုင်ရာဒေသအလိုက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆိုလာစနစ်ဖြင့် ဓာတ်အားထုတ်လုပ်ပြီး MSME လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ကြစေရန် ရှင်းလင်းပြောကြားစေလိုကြောင်း၊ MSME လုပ်ငန်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်သည့်အတွက် ယခုကျင်းပမည့်ပြပွဲနှင့် ပြိုင်ပွဲကို ခမ်းခမ်းနားနားဖြင့် ရည်မှန်းချက်ကြီးကြီးထား၍ ကျင်းပခြင်းဖြစ်ကြောင်း၊ MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှတစ်ဆင့် MSME လုပ်ငန်းများသည် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသတစ်ခုထုတ်ကုန်တစ်ခုထုတ်လုပ်ပြီး ပြည်တွင်းသုံးစွဲရုံသာမက ပြည်ပသို့ တင်ပို့နိုင်သည့်အထိ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းကော်မတီ စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့ချိန်အထိ တိုးတက်မှုရှိသော်လည်း ပို့ကုန်အမယ်သစ်များ ပြည်ပသို့ တင်ပို့နိုင်ရန်နှင့် ပို့ကုန်တိုးမြှင့်နိုင်ရန်လိုကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအစီအစဉ်၊ ဝန်ကြီးဌာနများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြခန်းများ၊ ပါဝင်ပြသကြမည့် ထုတ်ကုန်အမျိုးအစားများ၊ ပြိုင်ပွဲအမျိုးအစားများနှင့် ဆုချီးမြှင့်မည့် အစီအစဉ်များ ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးစီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လုံခြုံရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ မုခ်ဦးနှင့် ပြခန်းများ တည်ဆောက်ရေးဆပ်ကော်မတီ၊ ပြခန်းနေရာချထားရေးနှင့် ခင်းကျင်းပြသရေးဆပ်ကော်မတီ၊ ဖွင့်ပွဲအခမ်းအနား၊ ဆုချီးမြှင့်ရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ လုပ်ငန်း/ စီးပွားချိတ်ဆက်မှု ဆပ်ကော်မတီ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ဆပ်ကော်မတီ၊ လျှပ်စစ်မီးရရှိရေးဆပ်ကော်မတီ၊ သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီနှင့် ဘဏ္ဍာရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အေဂျင်စီဥက္ကဋ္ဌများက ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပြခန်းများ ပြင်ဆင်ထားရှိမှု၊ ခင်းကျင်းပြသသွားမည့် ထုတ်ကုန်အမျိုးအစားများ၊ ရိုးရာအစားအစာဆိုင်ခန်းများတွင် ရောင်းချသွားမည့် ဒေသရိုးရာအစားအစာများနှင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသူများက MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

လိုက်လံကြည့်ရှုအားပေး

အစည်းအဝေးအပြီးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာရောင်းချဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ (B2B)၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ အပြီးသတ်ဆောင်ရွက်နေမှုနှင့် ပြခန်းအလိုက် ခင်းကျင်းပြသရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။       

သတင်းစဉ်