Skip to main content

ပျဉ်းမနားမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖွင့် တောင်သူ ၄၅ ဦး၏ စိုက်ပျိုးဧက ၁၀၀ ခန့်ကို အကျိုးပြုပေးနိုင်မည်

နေပြည်တော် ဖေဖော်ဝါရီ ၄

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာအုပ်စု သစ်ဆိမ့်ပင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာလမ်းဖွင့်ပွဲနေရာ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သစ်ဆိမ့်ပင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လမ်းလုပ်ငန်းဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ယခုဖွင့်လှစ်ပေးသည့် ဇီးဖြူပင်ကျေးရွာအုပ်စု သစ်ဆိမ့်ပင်ကျေးရွာ ကုန်ထုတ်လမ်းအရှည် ပေ ၅၇၀၀ ကို ပြည်ထောင်စုရန်ပုံငွေကျပ် ၃၂ ဒသမ ၈၉၃ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီး သစ်ဆိမ့်ပင်ကျေးရွာရှိ တောင်သူ ၄၅ ဦး၏ စိုက်ပျိုးဧက ၁၀၀ ခန့်ကို အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း၊ ဖောက်လုပ်ပြီး ကုန်ထုတ်လမ်းကို ကျေးရွာသူကျေးရွာသားများက အကျိုးရှိရှိအသုံးပြုပြီး တစ်ဦးချင်း၊ တစ်အိမ်ထောင်ချင်း၊ တစ်ရပ်ကွက်ချင်း၊ တစ်မြို့ချင်း အဆင့်ဆင့်ဖွံ့ဖြိုးရေးအတွက် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူများ လိုအပ်သည့် နည်းပညာများအား ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ သက်ဆိုင်ရာတာဝန်ရှိသူများက လမ်းဖွင့်ပွဲ အထိမ်းအမှတ်အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သစ်ဆိမ့်ပင်ကျေးရွာရှိ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသို့ သွားရောက်ပြီး ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသော TBL9 (တီဘီအယ်လ်နိုင်း) မတ်ပဲစိုက်ခင်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာအုပ်စု ချိုင်းကျေးရွာ အဆင့်မြင့်လယ်ယာထုတ်ကုန် သမဝါယမအသင်းမှ တောင်သူ ဦးအောင်ကျော်ခင်၏ ရေဆင်းစပ်မျိုး-၁ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးကြပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ သမဝါယမအသင်းသားများ၊ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ၍ အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းစံပြကျေးရွာသို့ သွားရောက်ပြီး နေရောင်ခြည် စွမ်းအင်သုံးဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်နေမှုအခြေအနေများ၊ သမဝါယမအသင်းသားများ စိုက်ပျိုးထားသော ဆောင်းနေကြာစိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာတောင်သူများနှင့်တွေ့ဆုံ၍ အသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်