နေပြည်တော် ဖေဖော်ဝါရီ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာနေရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ထောက်ပံ့ချီးမြှင့်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။
ရန်ပုံငွေများထပ်မံဖြည့်ဆည်းပေးထား
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် လိုအပ်သည့် ထောက်ပံ့ချီးမြှင့်မှုများ လျာထားစီစဉ်ဆောင်ရွက်ပေးရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ယာယီနေရပ်စွန့်ခွာ နေကြရသူများ၏ စာရင်းများကောက်ယူထားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေအနေဖြင့် နှစ်စဉ်ခွဲဝေပေးရန် သတ်မှတ်ထားသည့် ရန်ပုံငွေအပြင် ယခုနှစ်တွင် ရာဂီမုန်တိုင်းတိုက်ခတ်မှုအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ ထပ်မံဖြည့်ဆည်းပေးထားပါကြောင်း။
အဖွဲ့အစည်းများနှင့်ပူးပေါင်းနိုင်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ သဘာဝဘေးအန္တရာယ်ဟုဆိုရာတွင် အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်သောင်းကျန်းမှုဖြစ်ပွားခြင်းကြောင့် အများပြည်သူ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ အခြေခံအဆောက်အအုံများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုတို့ပါဝင်ပါကြောင်း၊ ယင်းဥပဒေရည်ရွယ်ချက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပြည်တွင်းပြည်ပအစိုးရဌာန အစိုးရအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြားဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟု ပါဝင်ကြောင်း။
ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးဖြစ်သူများအားလုံးကို စားရေရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများ ဆက်လက်ထောက်ပံ့ချီးမြှင့်ခြင်းနှင့် သင့်လျော်သည့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ရန်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဥပဒေပြဋ္ဌာန်းချက်များ၊ ဥပဒေပါဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်လည်း ကိုက်ညီပါကြောင်း၊ ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ရာတွင် ထိခိုက်မှုအရေအတွက် စာရင်း၊ ပေးအပ်မည့်နည်းလမ်း၊ လူဦးရေ၊ ငွေပမာဏနှင့်အချိန်တို့ စနစ်တကျဖြစ်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ထောက်ပံ့ချီးမြှင့်ရာတွင် စာရင်းဇယားမှန်ကန်စေရန် ကြိုတင်စီမံဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ထောက်ပံ့ချီးမြှင့်သွားမည့် နည်းလမ်း၊ ပေးအပ်မည့်အကြိမ်ရေနှင့် နှုန်းထား၊ လုပ်ထုံးလုပ်နည်း၊ စာရင်းဇယားမှန်ကန်ပြီး စနစ်တကျဖြစ်စေရေးတို့နှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး ထောက်ပံ့ချီးမြှင့်ငွေများကို မှန်မှန်ကန်ကန်ဖြစ်စေရေး၊ အလေအလွင့်မဖြစ်စေရေး၊ ရသင့်ရထိုက်သူများ ရရှိစေရေးနှင့် အခြားနေရာများသို့ မရောက်ရှိစေရန်လိုကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဦးမျိုးသန့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ယာယီနေရပ်စွန့်ခွာနေကြရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများအနေဖြင့် စာရင်းဇယားတိကျ မှန်ကန်စေရေးအတွက် မိမိတို့ရောက်ရှိနေကြသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများထံသို့ လူဦးရေစာရင်းများကို သတင်းပေးပို့ကြရန်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်