ရန်ကုန် ဖေဖော်ဝါရီ ၃
ဂျပန်ကုမ္ပဏီ ၄၅၀ ကျော်က မြန်မာလုပ်သား ၁၅၀၀ ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံး၏ အလုပ်ကမ်းလှမ်းစာ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
သံရုံး၏ထုတ်ပြန်ချက်၌ မြန်မာသံရုံးတိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမား ကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့်အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း ဖော်ပြထားသည်။
မြန်မာသံရုံးအနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ ၄၅၉ ခုနှင့်ပတ်သက်သည့် အချက်အလက်များအား အသိပေးထုတ်ပြန်ထားကြောင်း ပါရှိသည်။ အဆိုပါစာရင်းအရ ဂျပန်ကုမ္ပဏီ ၄၅၀ ကျော်က မြန်မာလုပ်သား အမျိုးသား ၃၁၀ ကျော်၊ အမျိုးသမီး ၁၁၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက် ထုတ်ပြန်ချက်တွင်လည်း ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်မှ မြန်မာလုပ်သားအမျိုးသား ၂၀၀ ကျော်နှင့် အမျိုးသမီး ၇၃၀ ကျော် စုစုပေါင်း ၉၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။
မေသက်