Skip to main content

စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၃

စက်မှု၊ မြို့ပြနှင့်ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် စက်မှု၊ မြို့ပြနှင့်ကျေးလက်ဒေသ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသည့် နေရာများတွင် မစွန့်ပစ်ဘဲ အနီးပတ်ဝန်းကျင်ရှိ မြစ်ချောင်း အင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများထဲသို့ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် အဏ္ဏဝါပတ်ဝန်းကျင်နှင့် အဏ္ဏဝါဂေဟစနစ်ကို ထိခိုက်ပျက်စီးစေသည့်အတွက် ပင်လယ်ကမ်းရိုးတန်းဒေသများရှိ မြို့နယ်များတွင် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရန်နှင့် အမှိုက်မီးရှို့ စက်များ တည်ဆောက်အသုံးပြုရန် လိုအပ်ကြောင်း။

စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်က အတည်ပြုထုတ်ပြန်ပြီးဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်(၂၀၁၈-၂၀၃၀)ကို အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် မြို့နယ်အဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များရေးဆွဲပြီး 3Rs ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ခြင်းနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရန်အတွက် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး လေးကြိမ်ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် ၁၉ ချက်အပေါ် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်းကော်မတီ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် တိုးတက်ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးသို့ စက်မှု၊ မြို့ပြနှင့် ကျေးလက်ဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်