Skip to main content

လူမှုစီးပွားဘဝများမြင့်မားရေး စိုက်ပျိုးမွေးမြူကုန်ထုတ်နှစ်ဆမြှင့်တင်

လယ်ယာစီးပွားအခြေပြုနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်မှာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်နိုင်ဖို့လိုသည်။ အမှန်တကယ်လုပ်ပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရန် ရေခံ၊ မြေခံကောင်းများ ပြည့်စုံသည့် မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန် လိုအပ်နေသည့်အလျောက် သီးနှံအလိုက် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင်ဆောင်ရွက်ရန်၊ သီးထပ်စွမ်းအား နှစ်ဆမှ သုံးဆအထိရရှိရန် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

“ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်မှသာ ၎င်းတို့နှင့်ဆက်စပ်နေသည့် ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းကုန်များလျှော့ချနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုလည်း လျော့ကျလာစေနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်တွင်းငွေကြေးခိုင်မာမှုရှိလာပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုပါ ဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်နိုင်ရန် ကြပ်မတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) တွင် ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်များကို သက်တမ်းတိုးတာဝန်ယူခဲ့သည့် ၆ လတာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်တွင် နေထိုင်ကြပြီး လူဦးရေ၏ ၄၅ ဒသမ ၃ ရာခိုင်နှုန်းခန့်သည် လယ်ယာ သားငါး၊ သစ်တောနှင့် နှီးနွှယ်သည့်အလုပ်များကို လုပ်ကိုင်ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ ကျေးလက်ဒေသ၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးရေးကို မြှင့်တင်နိုင်ခြင်းဖြင့် ပြည်သူအများစု၏ လူမှုစီးပွားဘဝများကို မြင့်မားလာစေမည်လည်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း” ဟူ၍ အခြေခံ (၄)ရပ်ရှိရာ သီးနှံမျိုးကောင်းမျိုးသန့်များ အလွယ်တကူရရှိအောင် ဆောင်ရွက်ပေးခြင်း၊ မြေကို စနစ်တကျ ပြုပြင်ပေးခြင်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများ ပေးဝေခြင်း၊ စိုက်ပျိုးရေလိုအပ်ချိန်တွင် အောင်ရေရရှိအောင် ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်များဖြန့်ဝေခြင်းတို့ လိုအပ်နိုင်သော်လည်း အဓိကအကျဆုံးမှာ တောင်သူများကိုယ်တိုင်ပင်ဖြစ်သည်။

မိမိတို့နိုင်ငံတွင် လက်ရှိသီးနှံစိုက်ဧကများမှာ ထပ်မံတိုးချဲ့ရန်မလိုဘဲ တစ်ဧကအထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးခြင်း၊ သီးထပ်စွမ်းအားမြှင့်တင်ခြင်းတို့ဖြင့် စိုက်ပျိုးထုတ်ကုန်ကို နှစ်ဆ သုံးဆ တိုးတက်စေနိုင်သည်။ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြေတစ်ဧကချင်း ထုတ်လုပ်နိုင်မှုနှင့် တောင်သူတစ်ဦးချင်း ထုတ်လုပ်နိုင်မှုတို့တွင် မိမိတို့နိုင်ငံက နိမ့်ကျနေမှုကို အဖြေရှာပြုပြင်ကြရမည်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်း မြင့်မားလာသည်နှင့်အမျှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ထွက်လာပြီး နိုင်ငံနှင့် ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှု တိုးမြှင့်နိုင်ခြင်းက ၎င်းနှင့်ဆက်စပ်နေသည့် ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို တိုးတက်လာစေကာ ပြည်ပမှတင်သွင်းရမှုများကို လျှော့ချနိုင်မည်ဖြစ်သည့်အလျောက် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျော့ကျလာစေနိုင်သည်။ ဤနည်းဖြင့် ပြည်တွင်းငွေကြေးတန်ဖိုးခိုင်မာမှုနှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုပါ အကျိုးပြုနိုင်မည်ဖြစ်သည်။

စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှု တိုးတက်ရေးကို လက်တွေ့ဆောင်ရွက်ကြရသူများမှာ တောင်သူများပင်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်နိုင်ရန်အတွက် တောင်သူတို့လက်လှမ်းမမီသည့် လိုအပ်ချက်များကို သက်ဆိုင်ရာတို့က ဖြည့်ဆည်းပေးရမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရေး ပတ်ဝန်းကျင်ကောင်း၊ အခြေအနေကောင်းများ ဖြစ်ပေါ်အောင် ဖန်တီးပေးထားရန်လည်း လိုအပ်သည်။ တောင်သူများကိုယ်တိုင်ကလည်း တိုးတက်လိုစိတ်၊ ဖွံ့ဖြိုးလိုစိတ်ဖြင့် မိမိတို့တစ်ဦးချင်းစီ၏ စွမ်းရည်များကိုမြှင့်တင်ကာ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန်လိုသည်။ ယနေ့ခေတ်တွင် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများမှာ လူတိုင်းသုံးစွဲလာနိုင်ပြီဖြစ်ပြီး မိမိတို့၏ အသက်မွေးဝမ်းကျောင်း စိုက်ပျိုးမွေးမြူရေးပညာရပ်များ၊ သိရှိလိုသည်များ၊ သတင်းအချက်အလက်များကို အလွယ်တကူရရှိနိုင်ပြီဖြစ်သည်။ ဆင်းရဲနွမ်းပါးမှုမှ ရုန်းထွက်ရန်အတွက်ဖြစ်စေ၊ ပိုမိုမြင့်မားသော လူမှုဘဝအဆင့်အတန်းကို ရရှိနိုင်ရန်အတွက်ဖြစ်စေ တစ်ခုတည်းသောနည်းလမ်းမှာ အောင်စိတ်ကို အမြင့်ဆုံးတွင်ထား၍ ဉာဏ်ပညာ၊ ဇွဲလုံ့လတို့ဖြင့် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ရန်သာလျှင်ဖြစ်သည့်အကြောင်း။ ။