နေပြည်တော် ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်နဝါရီလ ၁၅ ရက်မှ ၃၀ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၄) ရေတပ်ဗောတံတားသို့ ပြန်လည်ရောက်ရှိလာရာ ရေတပ်လေ့ကျင့်ရေးဌာနချုပ် ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၆၈၃၃ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၀၀၂ ဦး၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ ၂၉၄ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၂၇ ဦး၊ ကလေးရောဂါ ၄၇၈ ဦး၊ အရိုးရောဂါ ၁၁၉၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၆၅၄ ဦး၊ မျက်စိရောဂါ ၁၂၇၈ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၇၀၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၁၀၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၄၂ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၄၉ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၇၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၀၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၈၁၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၃ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၆၀ ဦးတို့ကိုလည်း သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ပြန်လည်ရောက်ရှိလာသည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဂုဏ်ပြုပေးအပ်ချီးမြှင့်သော လက်ဆောင်ပစ္စည်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရေတပ်လေ့ကျင့်ရေးဌာနချုပ် ဌာနချုပ်မှူးက ပေးအပ်ချီးမြှင့်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ကြောင်းများတစ်လျှောက် ဆေးကုသရန်ခက်ခဲသော ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယခုခရီးစဉ်သည် (၁၉) ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူ စုစုပေါင်း ၁၈၅,၅၆၈ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၃၁ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။