Skip to main content

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၇) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်

နေပြည်တော် ဇန်နဝါရီ ၃၁

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးတွင် ကျင်းပပြုလုပ်ကြသည်။ အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။

ထို့နောက် သင်တန်းကျောင်းများအလိုက် သင်တန်းဆင်းထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၇)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၇) ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့်ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့် လေ့ကျင့်သင်ကြားခဲ့ကြကြောင်း သိရှိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများတက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။

ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းစစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာ လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ (TeamWork) ရရှိခဲ့ပြီး နိုင်ငံချစ်စိတ် (Nationalism) ၊ မျိုးချစ်စိတ် (Patrio-tism) ၊ အဖွဲ့အစည်းစိတ် (Team Sprit) ၊ ရဲဘော် ရဲဘက်စိတ် (esprit de corps) အပြည့်ဖြင့် တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ကြတော့မည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၇)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ သင်တန်းဆင်းနိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါသည်-

(၁) သင်တန်းသား တစ်ယောက်အနေနဲ့ ဘယ်လိုဆက်ပြီး တာဝန်ထမ်းဆောင်သွားမလဲဆိုရင် အခုလိုသင်ကြားပို့ချပေးတဲ့ ပညာရပ်တွေကို လက်တွေ့အကျိုးရှိရှိ အသုံးချပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့လူမျိုးတွေကို ဆက်လက်ပြီးတော့ ကျရာနေရာဒေသတွေမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာနဲ့ ထမ်းဆောင်သွားမယ်လို့ ပြောကြားချင်ပါတယ်။

(၂) ကျွန်တော်ကတော့ ဒီသင်တန်းမှာ လက်ဖြောင့်ဆုရရှိခဲ့တာပါ။ ကြိုးစားသင်ယူမှုကတော့ ကျွန်တော်တို့ နည်းပြတွေပြောထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့ပဲလိုပါတယ်။ နည်းပြတွေအနေနဲ့ မှန်ကန်တဲ့နည်းလမ်းကို ကျွန်တော်တို့ကို ရှေ့ဆောင်ပို့ခဲ့တဲ့အတွက် ကျွန်တော်တို့ကလည်း ကောင်းကောင်းမွန်မွန် လိုက်နာဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ စရောက်တုန်းကတော့ သူငယ်ချင်းမရှိလို့ စိတ်ညစ်မှုတွေ၊ စိတ်ဖိစီးမှုတွေများတာပေါ့။ အခုနောက်ပိုင်း တစ်ပတ်၊ နှစ်ပတ်ကြာတော့ သူငယ်ချင်းအသစ်တွေနဲ့ ကိုယ့်အိပ်ဆောင်နဲ့ကိုယ်နေရတော့ သင်တန်းမှာနေရတာ ကျွန်တော်ပျော်ရွှင်လာပါတယ်။ တော်တော်လေးလည်းပျော်ခဲ့ပါတယ်။ စရောက်လာတုန်းကတော့ မိသားစုနဲ့ခွဲရတော့ ဝမ်းနည်းသလို အခုကျတော့ သူငယ်ချင်းတွေနဲ့ ခွဲရမယ်ဆိုတော့ ဝမ်းနည်းမိပါတယ်။ အဓိကကတော့ မိမိဆန္ဒသဘောအတိုင်းဝင်လာတာ ဖြစ်ပါတယ်။ အရပ်သားစိတ်ဓာတ်နဲ့တော့ တော်တော်ကြီးကွာခြားသွားတာပေါ့နော်။ ကျွန်တော်အရင်ကဆို ပေါ့ပေါ့နေပေါ့ပေါ့စားတယ်။ ဟိုသွားမယ်၊ ဒီသွားမယ်၊ အလုပ်လုပ်မယ်။ အိမ်ရောက်ရင် စားမယ်၊ သောက်မယ် ဒီလောက်ပဲ သိခဲ့တာပါ။ အခုတပ်မတော်ထဲရောက်လာတော့ စည်းကမ်းပိုင်းတွေ ဘာတွေတော်တော်ရင့်ကျက်လာတယ်။ အသိဉာဏ်တွေပိုပြီး ဖွံ့ဖြိုးလာတယ်ပေါ့ အဲတာကို ကျွန်တော်ခံယူမိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။

ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၇) မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်