Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၃၁

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဝင်မုခ်ဦး၊ Photo Booth ၊ Interview Booth ၊ ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) နေရာများ၊ အခမ်းအနားကျင်းပမည့် ကျောက်စိမ်းခန်းမ၌ အကယ်ဒမီဆုပေးပွဲစင်မြင့်တည်ဆောက်နေမှု၊ အသံစနစ်နှင့် မီးစနစ်များ တပ်ဆင်ပြီးစီးမှု ၊ Stage LED Screen နှင့် LED ဘုတ်များ တပ်ဆင်မည့်နေရာများ၊ နေရာထိုင်ခင်းများနှင့် မီဒီယာဇုန်သတ်မှတ်ထားသည့် နေရာများ ပြင်ဆင်ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ရက်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ အသံပိုင်းနှင့် မီးပိုင်းဆိုင်ရာကိစ္စရပ်များ လစ်ဟာမှုမရှိအောင် ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် အခမ်းအနားအစီအစဉ်များအလိုက် စနစ်တကျဖြစ်စေရေး ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်ရန်မှာကြားသည်။

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်