နေပြည်တော် ဇန်နဝါရီ ၃၁
တနင်္သာရီကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်း မြို့နယ်အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ် ကိုကိုးကျွန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ကိုကိုးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၆၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၁ ဦး၊ ခွဲစိတ်ရောဂါ ငါးဦး၊ သားဖွား/မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၁၀ ဦး၊ အရိုးရောဂါ ၂၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ လေးဦး၊ မျက်စိရောဂါ ၃၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၀ တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ငါးဦး၊ ဓာတ်မှန်ရိုက်လူနာ ခုနစ်ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာကိုးဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာနှစ်ဦးတို့ကို နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြား သိခဲ့ရပါသည်-
“ကျွန်မ မျက်စိခွဲစိတ်ကုသဖူးတယ်။ လူတွေတော်တော်များများလည်း ကိုကိုးကျွန်းမှာ မျက်စိပြန်ကောင်းသွားတာလည်း တွေ့မြင်ခဲ့ရပါတယ်၊၊ ဒီတစ်ခေါက်ကတော့ နှလုံးရောဂါလာရောက်ကုသတာပါ။ ကျွန်မအနေနဲ့ အခုလိုမျိုး နှစ်စဉ်နှစ်စဉ် လာရောက်ကုသဖို့အတွက်ကိုလည်း မျှော်လင့်ပါတယ်။ ဝမ်းသာပီတိဖြစ်မိပါတယ်။ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ အခုလိုမျိုးဆေးသင်္ဘောကြီး လာကုပေးတဲ့ အတွက်ကြောင့်မို့လို့ ရန်ကုန်ကို ပြန်ကုရမယ့်သူတွေလည်း ပြန်မကုရတော့ဘဲနဲ့ ဒီမှာတင် အခမဲ့ကုသပေးတဲ့အတွက်ကြောင့် အလွန်ဝမ်းသာပီတိ ဖြစ်ရပါတယ်။”
သတင်းစဉ်