မင်းဘူး ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂ ရက်မှစတင်ကာ ၇၅ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
ဆောက်လုပ်ပေးထား
ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ အဆင်ပြေစေရန် ယခုလက်ရှိ တည်းခိုဆောင်အခန်းပေါင်း ၃၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၃၅၀ ခန့် ဆောက်လုပ်ပေးထားကြောင်း၊ ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးလာရောက်ကြမည့် ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူများကို တည်းခိုဆောင်များ၌ ညအိပ်တည်းခိုနားနေခွင့်ပြုမည်ဖြစ်ပြီး စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။
ဆောင်ရွက်
မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ (ခြေတော်ရာ) အနီး ဘုရားဝတ္တကနယ်မြေ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများ ဖူးမြော်ကြည်ညိုနိုင်စေရန် ဉာဏ်တော် ၂၄ ပေ၊ လုံးပတ်နှင့် ရေကန်တော် ပေ ၂၀ ၊ ပလ္လင် တော်အမြင့် ၁၈ ပေနှင့် ဘုရားပရိဝုဏ် အကျယ်ပေ ၃၀ ပတ်လည်ရှိ “ဆုတောင်းပြည့်လိုတရနမ္မဒါနဂါးရုံ ဘုရား” တစ်ဆူကို နေပြည်တော် လယ်ဝေးမြို့နယ် နဂါးရုံတစ်ထောင်ကျောင်းတိုက် စမတောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တဝံသသီရိ အရှင်သူမြတ်ဦးဆောင်မှုဖြင့် မတည်အလှူရှင်များက စုပေါင်းတည်ထားကိုးကွယ်ထားရှိပြီး အဆိုပါ နမ္မဒါနဂါးရုံဘုရား ဌာပနာတော်သွင်း မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်ထိ) ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဘုရားပွဲတော်ကာလ ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းကိုလည်း တစ်ဆက်တည်း ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)