နေပြည်တော် ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာတွင် နေထိုင်လျက်ရှိသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းနှင့် ဓမ္မာရုံတည်ဆောက်ရန်တွက် အလှူငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအိမ်ရာခန်းမ၌ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စစ်မှုထမ်းဟောင်းအဖွဲ့များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ အဆိုပါအိမ်ရာ၌ ဓမ္မာရုံဆောက်လုပ်ရန်အတွက် အလှူငွေများနှင့် ဘိလပ်မြေအိတ်များကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အေးသာယာမြို့ မင်းကျန်စစ် စစ်မှုထမ်းဟောင်းအိမ်ရာရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွားရောက်တွေ့ဆုံပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆိုပါအိမ်ရာရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်