Skip to main content

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ် (၁၆) နှင့် အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၀

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၆) နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် သူရဦးဘိုနီ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းတွင် ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် မိမိအဖွဲ့အစည်းက အားကိုးရသည့် ခေါင်းဆောင်ကောင်းများ ဖြစ်စေရန်နှင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော အသိပညာ၊ အတတ်ပညာ၊ နည်းပညာသစ်များကို လေ့လာတတ်မြောက်ထားရန်၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု စွမ်းရည်များကို မြှင့်တင်နိုင်ရေးအတွက် ထိုးထွင်းတီထွင်ကြံဆ လုပ်ဆောင်နိုင်မှု၊ ခေါင်းဆောင် ကောင်းတစ်ယောက်နှင့် လျော်ညီစွာနေထိုင်ပြောဆို လုပ်ကိုင်နိုင်ရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှု၊ အခက်အခဲများနှင့် မမျှော်မှန်းနိုင်သည့် လိုအပ်ချက်များကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး တာဝန်ခံ နိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ် (၁၆) သို့ သင်တန်းသား သင်တန်းသူ ၂၂ ဦးနှင့် အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၉) သို့ သင်တန်းသား သင်တန်းသူ ၄၄ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်